နယူးကာဆယ်တိုက်စစ်မှူး နစ်ခ်ဗော့တမာဒါ ရဲ့ ခြေစွမ်းအပေါ် အလန် ရှီးယား ပြင်းပြင်းထန်ထန် ဝေဖန်

နစ်ခ်ဗော့တမာဒါ ရဲ့ ခြေစွမ်းအပေါ် အလန် ရှီးယား ဝေဖန်

နယူးကာဆယ်ဂန္ထဝင် အလန် ရှီးယားက တိုက်စစ်မှူး နစ်ခ်ဗော့တမာဒါ အပေါ် ဝေဖန်မှုတွေကို ထပ်ပြီးအရှိန်မြှင့်လိုက်ပါတယ်။ ဒီဂျာမန်တိုက်စစ်မှူးဟာ စိန့်ဂျိမ်းစ်ပါ့ခ်မှာ အစပိုင်းကကောင်းခဲ့ပေမဲ့ နောက်ပိုင်းလတွေမှာ ရုန်းကန်နေရပြီး နောက်ဆုံးကစားထားတဲ့ ၁၉ ပွဲမှာ ၁ ဂိုးပဲ သွင်းထားနိုင်ပါသေးတယ်။

အက်ဒီ ဟောင်းကလည်း အန်တိုနီ ဂေါ်ဒန်ကိုပဲ တိုက်စစ်မှာ အဓိကထားသုံးလာပြီး နစ်ခ်ဗော့တမာဒါ ကိုတော့ ကွင်းလယ်ဘက် ဆွဲချကစားခိုင်းနေပါတယ်။ အဲဗာတန်ကို ၃-၂ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ နစ်ခ်ဗော့တမာဒါ ဟာ နေရာမမှန်သလို ဖြစ်နေခဲ့ပြီး နယူးကာဆယ်ရဲ့ အိမ်ကွင်းခြေစွမ်းကလည်း ထိခိုက်လာခဲ့ပါတယ်။

ရှီးယားက “သူ့ရဲ့ ပြောင်းရွှေ့ကြေးကြောင့်ပဲ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ အာရုံစိုက်မှုတွေ အများကြီး ခံနေရတာပါ။ နယူးကာဆယ်မှာ တခြားညံ့နေတဲ့ ကစားသမားတွေလည်း ရှိပါတယ်။ ဒန် ဘန်းနစ် ပုပ်ဘ်တို့လည်း သိပ်မကောင်းသလို ဂေါ်ဒန်ဆိုရင်လည်း ပရီးမီးယားလိဂ်မှာ ခြေစွမ်းမပြနိုင်သေးပါဘူး။ ဟာဗေး ဘန်းစ်လည်း ခြေစွမ်းနည်းနည်း ကျနေပါတယ်။ ဒါပေမဲ့ ပေါင် ၇၀ သန်းနီးပါး တန်ကြေးရှိတဲ့ တိုက်စစ်မှူးတစ်ယောက်အနေနဲ့ သူလုပ်ပြနိုင်တာက နည်းလွန်းနေသေးတယ်” လို့ The Rest Is Football ပေါ့ဒ်ကတ်စ်မှာ ပြောခဲ့ပါတယ်။

နစ်ခ်ဗော့တမာဒါ ဟာ ပယ်နယ်တီဧရိယာထဲအထိ သိပ်မရောက်နိုင်တာကြောင့် အက်ဒီ ဟောင်းက ဂေါ်ဒန်ကို အစားထိုးသုံးနေတာပါ။ သူဟာ ပရီးမီးယားလိဂ်ရဲ့ ကစားဟန်နဲ့ မြန်နှုန်းကို အသားကျဖို့ ရုန်းကန်နေရလို့ နည်းပြက သူ့ကို ကွင်းလယ်မှာ ထားကစားခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ နှစ်ပွဲမှာ ဧရိယာထဲမှာ ဘောလုံးထိချက် လုံးဝမရှိခဲ့သလို ပွဲထဲမှာ ပါဝင်ပတ်သက်နိုင်မှုလည်း နည်းလွန်းနေပါတယ်။

Match of the Day အစီအစဉ်မှာလည်း ရှီးယားက “အဲဗာတန်နဲ့ပွဲမှာ နယူးကာဆယ်ရဲ့ ကစားကွက်က တော်တော်လေး ပျက်နေခဲ့ပါတယ်။ နစ်ခ်ဗော့တမာဒါ ရဲ့ ကိန်းဂဏန်းတွေကလည်း တော်တော်လေး ဆိုးနေပြီး ပွဲတစ်ပွဲလုံးမှာ ဘောလုံးထိချက် ၁၄ ကြိမ်ပဲ ရှိခဲ့ပါတယ်။ ဂိုး၊ ဂိုးဖန်တီးမှုနဲ့ ဂိုးကန်ချက်တွေလည်း လုံးဝမရှိခဲ့ပါဘူး” လို့ ပြောခဲ့ပါတယ်။ ဒါဟာ နစ်ခ်ဗော့တမာဒါ တစ်ယောက်တည်း အပြစ်တော့မဟုတ်ပေမဲ့ သူ့ဆီက အကောင်းဆုံးခြေစွမ်းရအောင် နည်းပြ အက်ဒီ ဟောင်း ဘယ်လိုလုပ်မလဲဆိုတာကတော့ တကယ့်ကို စိန်ခေါ်မှုပါပဲလို့ သုံးသပ်သွားခဲ့ပါတယ်။

Source : https://www.chroniclelive.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *