အယ်လ်ဘေးနီးယားဝန်ကြီးချုပ် အီဒီရာမာက နိုင်ငံအစိုးရအနေနဲ့ ၂၀၂၅ ခုနှစ်မှစကာ TikTok ကို တစ်နှစ်ပိတ်သွားမယ်လို့ ဒီဇင်ဘာ ၂၁ ရက်က ပြောကြားခဲ့ပါတယ်။
အယ်လ်ဘေးနီးယားနိုင်ငံ၊ တီရာနာမြို့ရှိ ကျောင်းတစ်ကျောင်းအနီး ရန်ပွဲတစ်ခုမှာ အသက်(၁၄) နှစ်အရွယ် ကျောင်းသားတစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရရှိသွားပြီးနောက် တစ်လမပြည့်မီမှာ ဒီ TikTok လူမှုကွန်ရက်ကို ပိတ်လိုက်တဲ့ သတင်းထွက်ပေါ်လာခြင်း ဖြစ်ပါတယ်။
အဆိုပါ အဖြစ်အပျက်ဟာ TikTok ဆိုရှယ်မီဒီယာပေါ်မှာ ယောက်ျားလေးနှစ်ဦးစပြီး စကားများရန်ဖြစ်ကြတာဖြစ်တယ်လို့ ယူဆရပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လူငယ်တွေအပေါ် လူမှုကွန်ရက်ရဲ့အကျိုးသက်ရောက်မှုနဲ့ ပတ်သက်ပြီး မိဘတွေ၊ စိတ်ပညာရှင်တွေနဲ့ ပညာရေးအဖွဲ့အစည်းတွေကြား ငြင်းခုံမှုတွေလည်း ရှိခဲ့ပါတယ်။ အခု TikTok ကို တစ်နှစ်ပိတ်လိုက်မဲ့ လှုပ်ရှားမှုဟာ ကျောင်းတွေကို ပိုမိုလုံခြုံစေမဲ့ အစီအစဉ် တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ ဆိုပါတယ်။
“အစိုးရအနေနဲ့ ကျောင်းသားတွေရဲ့ပညာရေးကို ဆောင်ရွက်ပေးပြီး ကျောင်းသားမိဘတွေကို ကူညီနိုင်ဖို့ အစီအစဉ်တွေ ချမှတ်သွားမှာပါ”လို့ ဝန်ကြီးချုပ်ရာမာက ပြောပါတယ်။
“တရုတ်မှာ TikTok က ကျောင်းသားတွေကို သင်တန်းတွေ ဘယ်လိုတက်ရမလဲ၊ သဘာဝကို ဘယ်လိုကာကွယ်မလဲ၊ ရိုးရာဓလေ့တွေကို ဘယ်လိုထိန်းသိမ်းရမလဲ”ဆိုတာတွေ ဖော်ပြတာတွေ့ရတယ်။ ဒါပေမဲ့ တရုတ်ပြင်ပ TikTok တွေမှာတော့ အမှိုက်တွေပဲ တွေ့တယ်၊ ဒီတော့ဒါကို ဘာလို့လိုအပ်မှာလဲ”လို့ ရာမာက ပြောပါတယ်။
ကလေးငယ်တွေနဲ့ ဆယ်ကျော်သက်တွေ စိတ်ဝင်စားမှု အများဆုံးဖြစ်တဲ့ TikTok ကို ဆန့်ကျင်တဲ့ အစီအမံတွေကို နိုင်ငံအများအပြားက စတင်ဆွေးနွေးနေပြီဖြစ်ပါတယ်။ သြစတြေးလျကလည်း ပြီးခဲ့တဲ့ နိုဝင်ဘာလက TikTok ကို (၁၆)နှစ်အောက်ကလေးတွေ အသုံးပြုခွင့်မရှိ ပိတ်ပင်ခဲ့ပါတယ်။
Source : https://www.abc.net.au/
#TikTok #အယ်လ်ဘေးနီးယား #ကျောင်းသားရန်ပွဲ