စတမ်းဖို့ဒ်ဘရစ်ချ်ဆီ စိတ်လှုပ်ရှားဖွယ်ပြန်လာပြီး နိုင်ပွဲအတွက် ဘင်ဖီကာကို ဦးဆောင်ပေးရချိန် ဝမ်းနည်းလွမ်းဆွတ်နေတဲ့ခံစားချက်မျိုးရှိနေမှာ မဟုတ်ဘူးလို့ပြောဆိုရင်း ဟိုဆေးမော်ရင်ဟိုက ချဲလ်ဆီးဆီ သတိပေးလာခဲ့ပါတယ်။ အင်္ဂါနေ့ညနေခင်းမှာပဲ စပါယ်ရှယ်ဝမ်းက ပေါ်တူဂီဘီလူးကြီးနဲ့အတူ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် အန်ဇိုမာရက်စ်ကာရဲ့အသင်းကို ရင်ဆိုင်ဖို့ အတိတ်ကာလအောင်မြင်ခဲ့တဲ့အရပ်ဆီ ခြေချလာပါလိမ့်မယ်။
မော်ရင်ဟိုက ချဲလ်ဆီးနဲ့အတူ အောင်မြင်တဲ့သက်တမ်းကာလနှစ်ကြိမ်ကို ဖြတ်သန်းရင်း ပရီးမီးယားလိဂ်ရဲ့အခမ်းနားဆုံးနည်းပြတွေအနက် တစ်ဦးအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ အသက်-၆၂ နှစ်အရွယ်နည်းပြက သူ့ရဲ့ပထမအကြိမ်သက်တမ်းကာလဖြစ်တဲ့ ၂၀၀၄ ခုနှစ်မှ ၂၀၀၇ ခုနှစ်အတွင်း ပရီးမီးယားလိဂ်ချန်ပီယံဆုနှစ်ကြိမ်၊ အက်ဖ်အေဖလားတစ်ကြိမ်အပါအဝင် စုစုပေါင်းမေဂျာဆုဖလား ခြောက်လုံးကို အနောက်လန်ဒန်သားတွေဆီ ယူဆောင်ပေးခဲ့ပါတယ်။
ဒီကာလအပြီး မော်ရင်ဟိုက ရီးရဲလ်မက်ဒရစ်၊ အင်တာမီလန်တို့မှာ နည်းပြတာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ ချဲလ်ဆီးဆီ နောက်တစ်ကြိမ်ရောက်ရှိလာခဲ့ပြီး နောက်ထပ်ပရီးမီးယားလိဂ်ချန်ပီယံဆုတစ်ကြိမ် ရယူပေးကာ ၂၀၁၅ ခုနှစ်မှာ ပြန်လည်ထွက်ခွာသွားခဲ့ပါတယ်။
မော်ရင်ဟိုကတော့ ချဲလ်ဆီးဆိုတာ သူ့အတွက် နေအိမ်တစ်ခုလို သတ်မှတ်ထားပေမဲ့ ဘင်ဖီကာနဲ့အတူ စတမ်းဖို့ဒ်ဘရစ်ချ်ဆီ ပြန်ရောက်ရှိလာချိန်မှာတော့ သူ့ရဲ့ခံစားချက်တွေကို ထိန်းသိမ်းသွားဖို့ စီစဉ်ထားပါတယ်။
အင်္ဂါနေ့ပွဲစဉ်မတိုင်ခင် သတင်းမီဒီယာတွေနဲ့တွေ့ဆုံချိန် မော်ရင်ဟိုက “ ကျွန်တော့်အတွက်တော့ ဒီအရပ်ဒေသက ကိုယ့်ရဲ့အိမ်လိုပါပဲ။ ကျွန်တော်ကိုယ်တိုင်လည်း ဒီကွင်းမှာ တော့တင်ဟမ်၊ မန်ချက်စတာယူနိုက်တက်၊ အင်တာမီလန်တို့နဲ့အတူ ကစားခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုအချိန်မှာ ကျွန်တော်က ချဲလ်ဆီးအသိုက်အဝန်းထဲမှာ မရှိနေပါဘူး။ ကျွန်တော်က ဘင်ဖီကာဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော် အနိုင်ရရှိချင်ပါတယ်။ အနိုင်ရလိုစိတ်ပြင်းပြတဲ့အသင်းနှစ်ခုကို မြင်တွေ့ရမယ်လို့ မျှော်လင့်မိပါတယ်။ အထူးသဖြင့် ဘိုင်ယန်မြူးနစ်နဲ့အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ထားလို့ ချဲလ်ဆီးလည်း အနိုင်ရလဒ်ဆီ ဦးတည်ကစားမယ်လို့ ယူဆမိပါတယ်။ ဒါကြောင့် အခုပွဲစဉ်မှာ အနိုင်ရရှိဖို့အတွက် ကျွန်တော်တို့တွေ အကောင်းဆုံးခုခံသွားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့နည်းစနစ်ပိုင်းချဉ်းကပ်မှုက အနိုင်ရလဒ်ဖော်ဆောင်နိုင်ရေး ကြိုးစားသွားဖို့ပဲ ဖြစ်ပါတယ်။
ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ ချဲလ်ဆီး၊ ရီးရဲလ်မက်ဒရစ်၊ နယူးကာဆယ်တို့နဲ့ ရင်ဆိုင်သွားရပါမယ်။ ပွဲစဉ်တိုင်းက ခက်ခဲပါတယ်။ ဒါကြောင့် အခုပွဲစဉ်မှာ ရမှတ်တွေရှာဖွေထားနိုင်ဖို့ လိုအပ်ပါတယ်။ ကျွန်တော်တို့ရဲ့ချန်ပီယံလိဂ်ပွဲစဉ်ဇယားက ချဲလ်ဆီးထက်တောင် ခက်ခဲပါသေးတယ်”လို့ ဆိုပါတယ်။
အခုလိုပြိုင်ဘက်အသင်းနည်းပြခုံတန်းမှာ ရှိနေပေမဲ့ အတိတ်ကာလ၊ ဆုဖလားအောင်မြင်မှုတွေကြောင့် အိမ်ကွင်းပရိသတ်တွေရဲ့ လှောင်ပြောင်သရော်မှုကို မခံစားရနိုင်ဘူးလို့ ယုံကြည်နေတဲ့ မော်ရင်ဟိုက “ ချဲလ်ဆီးပရိသတ်တွေက ကျွန်တော့်ကို Boo မှုတ်ပြီး ကြိုဆိုမယ်လို့ မယူဆမိပါဘူး။ အနည်းဆုံးတော့ ကျွန်တော် လမ်းမပေါ်ရောက်နေချိန် သူတို့က ဓါတ်ပုံတွဲရိုက်ဖို့ တောင်းဆိုကြပါလိမ့်မယ်”လို့ ပြောပါတယ်။
မော်ရင်ဟိုရဲ့ချဲလ်ဆီးအပြန်လမ်းနဲ့ လွဲချော်သွားမယ့်သူကတော့ ပေါင်ခြံဒဏ်ရာကြောင့် ကာလတိုအနားယူနေရတဲ့ ကိုးလ်ပယ်လ်မာ ဖြစ်ပါတယ်။ ဘင်ဖီကာနဲ့အတူ သူ့ရဲ့လန်ဒန်ခရီးစဉ်မစတင်မီ ကိုးလ်ပယ်လ်မာမကစားနိုင်ခြင်းနဲ့ပတ်သက်လို့ ဘယ်လိုယူဆမိသလဲဆိုတဲ့ မေးခွန်းကို မော်ရင်ဟိုက ပြတ်ပြတ်သားသားတုံ့ပြန်သွားခဲ့ပါတယ်။
ဂီလ်ဗင်ဆင့်တေအသင်းကို အနိုင်ရရှိတဲ့ ပေါ်တူဂီလိဂ်ပွဲစဉ်အပြီး မော်ရင်ဟိုက “ပယ်လ်မာ မကစားနိုင်ဘူးဆိုတော့ ကျွန်တော်ပျော်တာပေါ့။ ကျွန်တော့်ရဲ့ချဲလ်ဆီးအသင်းဆိုတာ ကြီးမားတဲ့ရင်းနှီးမြှုပ်နှံမှုတစ်ခုအပြင် ရည်မှန်းချက်များစွာနဲ့ စက်ကြီးတစ်လုံးလို ဖြစ်ခဲ့ပါတယ်။ ဒီနောက်မှာတော့ သူတို့တွေ ရည်မှန်းချက်အချို့ ပျောက်ဆုံးသွားပုံရပြီး ဒါက ဒီကလပ်အသင်းကို ချစ်မြတ်နိုးသူတိုင်းအတွက် နာကျင်စေပါတယ်။ အန်ဇိုမာရက်စ်ကာရောက်ရှိလာချိန်မှာတော့ အသင်းက တစ်ဆင့်ပြီးတစ်ဆင့် ပြီးပြည့်စုံလာပြီး ယူရိုပါကွန်ဖရန့်လိဂ်ချန်ပီယံဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခုအချိန်မှာတော့ သူတို့ဆီမှာ အသင်းကောင်းတစ်ခု ရှိနေပြီလို့ ထင်ပါတယ်။ ပယ်လ်မာသာ ဒဏ်ရာပြဿနာမရှိဘူးဆိုရင် ကျွန်တော့်အတွက် ပြဿနာကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်။ အလားတူ ဆူဒါကော့ဗ်(သို့မဟုတ်)ပက်ဗ်လီဒစ်တို့ ဘင်ဖီကာအတွက် မကစားပေးနိုင်ဘူးဆိုရင်လည်း ကျွန်တော့်အတွက် ပြဿနာကြီးတစ်ခုပါပဲ”လို့ ရှင်းပြသွားခဲ့ပါတယ်။
Source : au.sports.yahoo.com