အက်ဖ်အေဖလား (FA Cup) စတုတ္ထအဆင့်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်းဟာ ဝီဂန်အသင်းကို အမ်းမရိတ်ကွင်းမှာ လက်ခံကစားသွားရတော့မှာ ဖြစ်ပါတယ်။ နည်းပြ မီကယ်အာတီတာကတော့ ဒီပြိုင်ပွဲဟာ အသင်းအတွက် နောက်ထပ် ဆုဖလားတစ်ခုကို ဆွတ်ခူးနိုင်မဲ့ အခွင့်အရေးကောင်းတစ်ခုပဲလို့ အခိုင်အမာ ယုံကြည်နေပါတယ်။
လတ်တလောမှာ အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘရန့်ဖို့ဒ်နဲ့ တစ်ဖက်တစ်ဂိုးစီ သရေကျခဲ့တာကြောင့် ဇယားထိပ်က မန်စီးတီးနဲ့ ၄ မှတ်အကွာအဝေးကို ရောက်ရှိသွားခဲ့ပါတယ်။ ဒါကြောင့်လည်း အခုဝီဂန်နဲ့ပွဲစဉ်မှာ နိုင်ပွဲပြန်လည်ရှာဖွေပြီး အရှိန်အဟုန်ကောင်းတစ်ခုကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားနေတာပါ။ နည်းပြအာတီတာကတော့ ပြိုင်ပွဲသစ်တစ်ခု စတင်တာဟာ ကစားသမားတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ အားသစ်လောင်းပေးနိုင်မယ်လို့ ယူဆထားပါတယ်။
အာတီတာက “ဒါဟာ ပြိုင်ပွဲသစ်တစ်ခုမှာ အသင်းအတွက်ရရှိလာတဲ့ နောက်ထပ်အခွင့်အရေးတစ်ခုပါ။ အက်ဖ်အေဖလားနဲ့ ပတ်သက်ရင် ကျွန်တော်တို့အသင်းမှာ ဂုဏ်ယူစရာကောင်းတဲ့ သမိုင်းကြောင်းတွေ ရှိခဲ့ဖူးပါတယ်။ အခု အိမ်ကွင်းမှာ ပြန်ကစားရမှာဖြစ်လို့ အမြန်ဆုံး ပြင်ဆင်ပြီး ကွင်းထဲဆင်းနိုင်ဖို့ ကျွန်တော် တကယ်ကို စိတ်လှုပ်ရှားနေပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် သူက “ကျွန်တော်တို့ဟာ သုံးရက်တစ်ပွဲနှုန်းနဲ့ ပြိုင်ပွဲစုံကို အိမ်ကွင်း၊ အဝေးကွင်း လှည့်ပတ်ကစားနေကျပါ။ ပြိုင်ပွဲတစ်ခုချင်းစီက အသင်းအတွက် ဘယ်လောက် အဓိပ္ပာယ်ရှိလဲဆိုတာ သိတဲ့အတွက် တစ်ဆင့်ချင်းစီကို အာရုံစိုက်ပြီး သေချာလုပ်ဆောင်သွားမှာပါ” လို့ ဖြည့်စွက်ပြောဆိုခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်မှာ အက်ဖ်အေဖလား ချန်ပီယံဖြစ်ခဲ့ပြီးနောက်ပိုင်း ဒီပြိုင်ပွဲမှာ ရလဒ်ပိုင်း အတက်အကျတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အာတီတာကတော့ အတိတ်က ရလဒ်တွေကို အရေးမထားဘဲ လက်ရှိပွဲစဉ်မှာသာ အာရုံစိုက်ဖို့ တိုက်တွန်းထားပါတယ်။
“အရင်က ကျွန်တော်တို့ ခြေစွမ်းမပြနိုင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ပါတယ်။ ဒီလို ရှုံးထွက်ပြိုင်ပွဲမျိုးမှာတော့ အရေးကြီးတဲ့ အချိန်အတောအတွင်းမှာ အကောင်းဆုံး ပုံစံရှိနေဖို့ လိုပါတယ်။ ဘယ်အသင်းတံဆိပ်ကို ကိုယ်စားပြုထားလဲဆိုတာထက် လက်တွေ့ကွင်းထဲမှာ ဘယ်လောက် စွမ်းဆောင်နိုင်လဲဆိုတာကပဲ အဓိကပါပဲ။ လာမဲ့ တနင်္ဂနွေနေ့ ဝီဂန်နဲ့ပွဲမှာ ကျွန်တော်တို့ ဒါကို သက်သေပြရပါလိမ့်မယ်” လို့ အာတီတာက အလေးအနက် ပြောကြားသွားခဲ့ပါတယ်။
Source : https://www.arsenal.com/




