အာဆင်နယ်နည်းပြဟောင်း အာစင်ဝင်းဂါးက သူ့ရဲ့တပည့်ဟောင်းတစ်ဦးဖြစ်သူ ဖာဘရီဂတ်စ်ဟာ နည်းပြဘဝမှာ လျင်လျင်မြန်မြန်တိုးတက်လာတာကြောင့် သူ့အနေနဲ့ အံ့အားသင့်မိကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ၂၀၂၃ ခုနှစ်၊ ဇူလိုင်လမှာ ဘောလုံးကစားသမားဘဝမှ အနားယူခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်နဲ့ အက်ဖ်အေဖလားတွေဆွတ်ခူးနိုင်ခဲ့သလို၊ ၂၀၁၀ ကမ္ဘာ့ဖလားကိုလည်း စပိန်လက်ရွေးစင်အသင်းနဲ့အတူ ရရှိခဲ့ဖူးပါတယ်။ ဒါ့အပြင် စပိန်သားဟာ ဘာစီလိုနာနဲ့အတူ လာလီဂါဆုဖလားတွေလည်း ဆွတ်ခူးအောင်မြင်ခဲ့ပါတယ်။
ကစားသမားဘဝမှ အနားယူတာနဲ့တပြိုင်နက် ဖာဘရီဂတ်စ်ဟာ အီတလီကလပ် ကိုမိုရဲ့ ယူ-၁၉ နည်းပြအဖြစ် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၃ ခုနှစ်နိုဝင်ဘာလမှာပဲ ကိုမိုစီနီယာအသင်းကို စတင်ကိုင်တွယ်ခွင့်ရခဲ့ပါတယ်။ ထို့နောက်မှာတော့ ပရော်ဖက်ရှင်နယ်နည်းပြတစ်ယောက်အဖြစ် စတင်ရပ်တည်ခဲ့တဲ့ ဖာဘရီဂတ်စ်ဟာ ကိုမိုကို ဆယ်စုနှစ် ၂ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် စီးရီးအေသို့ တန်းတက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ဘောလုံးရာသီအတွင်းမှာလည်း ဖာဘရီဂတ်စ်ရဲ့ဦးဆောင်မှုနဲ့အတူ ကိုမိုအသင်းဟာ ပြန်လည်တန်းဆင်းသွားခြင်းမရှိဘဲ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာမှာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။ ယခုအခါမှာတော့ ဝင်ဂါးက “အမှန်တိုင်းပြောရမယ်ဆိုရင် ဖာဘရီဂတ်စ်ဒီလောက်အထိ လျင်လျင်မြန်မြန်တိုးတက်လာမယ်လို့ ကျွန်တော်မထင်ခဲ့ပါဘူး။ ဒါပေမဲ့ သူ့ရဲ့နည်းပြဘဝအနာဂတ်မှာ အောင်မြင်မှုတွေရမယ်ဆိုတာတော့ ကျွန်တော်ယုံကြည်ခဲ့ပါတယ်။ ကစားသမားဘဝကနေ နည်းပြဘဝကို ရုတ်တရက်ပြောင်းလဲတဲ့အခါ အသားကျဖို့ အတော်လေးခက်ခဲပါတယ်။ ဒါပေမဲ့ ဒီအခက်အခဲတွေကို သူက လျင်လျင်မြန်မြန်ပဲကျော်ဖြတ်ခဲ့တာပါ”
“သူရဲ့လုပ်ဆောင်ချက်တွေကိုပြဖို့ သူ ကျွန်တော့်ကို ကိုမိုကိုဖိတ်ခဲ့ပါတယ်။ ဒီလိုဖိတ်ကြားမှုက ဂုဏ်ယူစရာပါ” လို့ပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီး ဝင်းဂါးက “သူ အာဆင်နယ်အသင်းခေါင်းဆောင်ဖြစ်ခဲ့တုန်းက အဝတ်လဲခန်းထဲမှာ စကားများများပြောတတ်တဲ့သူမဟုတ်ပါဘူး။ ဒါပေမဲ့ ကွင်းထဲမှာဆိုရင်တော့ သူကခေါင်းဆာင်ကောင်းတစ်ယောက်ဖြစ်နေခဲ့ပါတယ်”
“ပွဲကို ကောင်းကောင်းနားလည်ပြီး ထက်မြက်တဲ့လူတစ်ယောက်ဖြစ်ပေမဲ့ နည်းပြတစ်ယာက်အနေနဲ့ ဒီလောက်အထိ မြန်မြန်ဆန်ဆန်ကြီး တိုးတက်လာမယ်လို့တော့ ကျွန်တော်မမျှော်လင့်ခဲ့ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ ယခုနွေရာသီမှာ ရီးရဲလ်မက်ဒရစ်သို့စတင်ပြောင်းရွှေ့သွားခဲ့တဲ့ လေဗာကူဆင်နည်းပြဟောင်း ဇာဘီအလွန်ဆိုနဲ့ပတ်သက်ပြီးတော့လည်း သူက “ဇာဘီက လေဗာကူဆင်မှာ အတော်လေးအတွေ့အကြုံရထားခဲ့ပါပြီ။ ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ဆိုတာ အဆင့်အတန်းအမြင့်ဆုံး ဘောလုံးအသင်းဖြစ်လို့ လွယ်ကူမှာတော့မဟုတ်ပါဘူး။ မီခေးလ်အာတီတာကလည်း အာဆင်နယ်မှာ အတော်လေးအစွမ်းပြထားနိုင်တယ်လို့ထင်ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။
Source : metro.co.uk