ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလားပွဲစဉ်မှာ ချန်ပီယံရှစ်ကလပ် ဘော်လ်တန်ကို ၅-၁ နဲ့ဂိုးပြတ်အနိုင်ရပြီးနောက် ပွဲအပြီးမှာတော့ အာဆင်နယ်နည်းပြ မီခေးလ်အာတီတာက ယခုပွဲစဉ်မှာ စွမ်းဆောင်ရည်ကောင်းပြသခဲ့တဲ့ အသင်းရဲ့ လူငယ်ကစားသမားလေးတွေကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်အတွက် ဦးဆောင်ဂိုးကို ပွဲအစ ၁၆ မိနစ်မှာပဲ ကွင်းလယ်လူ ဒီကလန်ရိုက်စ်က စတင်သွင်းယူပေးခဲ့သလို ပွဲထွက်ခွင့်ရခဲ့တဲ့ လူငယ်ကစားသမားလေး အီသန်နွာနရီက ၃၇ မိနစ်နဲ့ ၄၉ မိနစ်တွေမှာ ဂိုးတွေဆက်လက်သွင်းပေးခဲ့ပါတယ်။ ဒါ့အပြင် စတာလင်နဲ့ ကိုင်ဟားဗက်ဇ်တို့ကလည်း သွင်းဂိုးတွေကိုယ်စီရခဲ့တာကြောင့် အာတီတာရဲ့အသင်းဟာ ဂိုးပြတ်နိုင်ပွဲကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။
ယခုပွဲစဉ်မှာ အာဆင်နယ်အတွက် ၂ ဂိုးအထိသွင်းယူပေးနိုင်ခဲ့တဲ့ နွာနရီဟာ အသက်-၁၇ နှစ်သာရှိသေးပြီး အာတီတာရဲ့ ယုံကြည်မှုကို ခိုင်ခိုင်မာမာရရှိခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာတော့ ဆယ်ကျော်သက်လူငယ်ကစားသမားနဲ့ပတ်သက်ပြီး အာတီတာက “တကယ်ကျစ်လစ်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ပါ။ သူက အသင်းရဲ့တစ်စိတ်တစ်ပိုင်းပါပဲ။ ယုံကြည်မှုရှိရှိကစားနိုင်ခဲ့ပါတယ်။
ယုံကြည်မှုနဲ့ နားလည်မှုရှိမှုတွေက ကျွန်တော်တို့အသင်းမှာ လိုအပ်တဲ့အရာတွေပါ။ အရမ်းအထင်ကြီးဖို့ကောင်းပါတယ်။ ကျွန်တော်တို့ မျှော်လင့်ထားတာထက် သူကအများကြီးရှေ့ရောက်နေပါတယ်။ စီနီယာအသင်းမှာ အံဝင်ခွင်ကျဖြစ်နေပါပြီ။ သူ နေရာရလာပါလိမ့်မယ်” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။

နွာနရီသာမက ယခုပွဲစဉ်မှာ အာဆင်နယ်အတွက် ပွဲထွက်ပါဝင်ကစားရင်း အသက်အငယ်ဆုံးဂိုးသမားစံချိန်ချိုးခဲ့တဲ့ ၁၆ နှစ်သား ဂျက်ခ်ပေါ်တာကိုလည်း အာတီတာက ချီးကျူးခဲ့ပါတယ်။ အာတီတာက “ဒီပွဲမှာဝင်ကစားဖို့ သူ့ကိုမနေ့ကမှပြောလိုက်တာပါ။ သူရော သူ့မိသားစုရော ဒါကို မျှော်လင့်ထားပုံမရတော့ ပြင်ဆင်ချိန်သိပ်မရလိုက်ပါဘူး။ ဒါက သူ့အတွက် အကြီးမားဆုံးအခိုက်အတန့်ဖြစ်နေတော့ ကြောက်ရွံ့နေခဲ့ပုံပေါ်ပါတယ်။ ဒါပေမဲ့ လေ့ကျင့်ရေးအစီအစဉ်မှာတော့ အကောင်းဆုံးလုပ်နိုင်ခဲ့ပြီး အသင်းဖော်တွေကလည်း သူ့ကိုအများကြီးကူညီခဲ့ကြပါတယ်။ အရမ်းကောင်းတဲ့အတွေ့အကြုံဖြစ်ခဲ့မယ်လို့ထင်ပါတယ်”
“ဂျက်ခ်က ရာသီကြိုမှာကတည်းက ကျွန်တော်တို့နဲ့ လေ့ကျင့်ရေးအစီအစဉ်တွေ ပြုလုပ်ထားတာပါ။ သူ့တာဝန်သူ ကောင်းကောင်းကျေပွန်မယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်ထားပါတယ်။ သူက နိုင်ငံအသင်းမှာလည်း ကစားနေတာဆိုတော့ ဘာတွေလုပ်နိုင်လဲ ကျွန်တော်တို့သိထားပါတယ်။ ကျွန်တော်တို့ သူ့ကိုရွေးချယ်ခဲ့တာ မှန်ကန်တယ်လို့ ယုံကြည်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
လူငယ်ကစားသမားလေးတွေသာမက အသက်-၂၉ နှစ်အရွယ် ရာဟင်းမ်စတာလင်ကလည်း ယခုပွဲစဉ်ရောက်မှ အာဆင်နယ်ရဲ့ပွဲထွက်လူစာရင်းမှာ ပထမဆုံးအကြိမ်ပါဝင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့နွေရာသီက ချဲလ်ဆီးမှ အငှားနဲ့ရောက်လာခဲ့တဲ့ အင်္ဂလန်သားဟာ ယခုပွဲစဉ်မှာ အာဆင်နယ်အတွက် ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်နိုင်ခဲ့သလို ပထမဆုံးသွင်းဂိုးကိုလည်း စတင်သွင်းယူနိုင်ခဲ့ပါတယ်။ စတာလင်နဲ့ပတ်သက်ပြီးတော့လည်း အာတီတာက “သူက တစ်နေ့တစ်ခြားပိုကောင်းလာပါတယ်။ ကိုယ်ကာယ ကြံ့ခိုင်ကလည်း မြင်တဲ့အတိုင်း ဒေါင်ဒေါင်မြည်ပါပဲ။ ဒီညက သူ့အတွက်တော့ အရမ်းကောင်းတဲ့ညတစ်ညဖြစ်ခဲ့မှာပါ”
“သူ့အတွက်ပဲမဟုတ်ပါဘူး။ ဒီညက အသင်းရဲ့နေရာပေါင်းစုံအတွက် အပြုသဘောဆောင်တဲ့ ညတစ်ညပါပဲ။ အသင်းရဲ့ ရလဒ်၊ စွမ်းဆောင်ရည်နဲ့ အကယ်ဒမီကစားသမားတွေနဲ့ စီနီယာကစားသမားတွေရဲ့ ပေါင်းစပ်မှုက တကယ်ပဲအလုပ်ဖြစ်ခဲ့ပါတယ်။ ဒီည ကစားသမားတွေရဲ့ မျှော်လင့်ချက်အပြည့်နဲ့ မျက်နှာတွေကို ကြည့်ခဲ့ရတာ အရမ်းကျေနပ်စရာကောင်းပါတယ်” လို့ပြောကြားခဲ့ပါတယ်။
Source : footboom1.com
#xda77 #xda77digital #ကာရာဘောင်ဖလား #အာတီတာ #အာဆင်နယ် #စတာလင် #ပေါ်တာ #နွမ်နရီ