ယူရိုပါလိဂ်အတွက်ပဲ အာရုံစိုက်နေလို့မရကြောင်း ဝန်ခံပြောကြားလာတဲ့ ဖာနန်ဒက်စ်

ဘရူနိုဖာနန်ဒက်စ်

ယမန်နေ့ညကယှဉ်ပြိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဝက်စ်ဟမ်းကို ၀-၂ နဲ့ဂိုးပြတ်အရေးနိမ့်ခဲ့ပြီးနောက် မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က အသင်းအနေနဲ့ ယူရိုပါလိဂ်အတွက်ပဲ အာရုံစိုက်နေလို့မရကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

ဆူစက်ခ်၊ ဘိုဝမ်တို့ရဲ့ဂိုးတွေနဲ့ ဝက်စ်ဟမ်းကိုရှုံးနိမ့်ခဲ့ပြီးနောက် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာအထိ ကျဆင်းသွားခဲ့ပြီး ၁၉၇၄ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံး အမှတ်ပေးဇယားရပ်တည်မှုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။

ယူနိုက်တက်အနေနဲ့ ကြားရက်က ကစားခဲ့တဲ့ ယူရိုပါလိဂ်ဆီမီးဖိုင်နယ်ဒုတိယအကျော့ပွဲစဉ်မှာ ဘီလ်ဘာအိုကို ၄-၁ နဲ့ဂိုးပြတ်အနိုင်ရကာ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့ပေမဲ့ ယခုအခါ ပရီးမီးယားလိဂ်မှာတော့ ဝက်စ်ဟမ်းကို ၀-၂ နဲ့အရှက်တကွဲရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။

ရာသီကုန်ဖို့အတွက် ပရီးမီးယားလိဂ်ပွဲစဉ် ၂ ပွဲသာကစားဖို့ကျန်ရှိတော့တာကြောင့် ယခုအခါမှာ ဖာနန်ဒက်စ်က အသင်းအနေနဲ့ ပရီးမီးယားလိဂ်မှာလည်း အာရုံစိုက်ဖို့လိုအပ်နေကြောင်း သတိပေးစကားဆိုလာခဲ့တာဖြစ်ပါတယ်။

ပေါ်တူဂီလက်ရွေးစင်က “ရှင်းပြဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့အသင်းက ကစားသမားတိုင်းက ဂိုးသွင်းနိုင်ဖို့ စိတ်အားထက်သန်ပေမဲ့ ဒီရာသီမှာ ဂိုးတွေသိပ်မရခဲ့ပါဘူး။ ဒါကို တိုးတက်အောင်လုပ်ဖို့လိုပါတယ်။ ပိုကောင်းလာဖို့လည်းလိုပါတယ်။ ပြီးတော့ အခုထက်ပိုပြီး စိတ်ဓာတ်ပြင်းထန်ရပါမယ်။ ယူရိုပါလိဂ်မှာပဲ အာရုံစိုက်နေလို့မရပါဘူး။ ပွဲစဉ်တိုင်းကို အနိုင်ရဖို့အတွက် ကြိုးစားယှဉ်ပြိုင်သွားရပါမယ်။ အခုချိန် ပရီးမီးယားလိဂ်မှာ ကျွန်တော်တို့ အမှတ်ရဖို့အရမ်းအရေးကြီးနေပါပြီ” လို့ပြောကြားခဲ့ပါတယ်။

ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့ခြင်းမှာ ဒီရာသီ ယူနိုက်တက်ရဲ့ ၉ ပွဲမြောက် အိမ်ကွင်းရှုံးပွဲလည်းဖြစ်ခဲ့ပါတယ်။ ရူဘင်အာမိုရင် စတင်ကိုင်တွယ်ကတည်းက ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အဲဗာတန်၊ ဆောက်သမ်တန်နဲ့ အစ်ဆွစ်ချ်တောင်းတို့ကိုသာ အိုးလ်ထရက်ဖို့ဒ်မှာ အနိုင်ရထားခဲ့တာလည်းဖြစ်ပါတယ်။

Source : manchestereveningnews.co.uk

Leave a Reply

Your email address will not be published. Required fields are marked *