ယူနိုက်တက်နည်းပြလောင်း ဂလက်စနာနဲ့ ပြိုင်ဆိုင်မှုထက် အမှတ်ပေးဇယားအဆင့် ၃ နေရာကိုပဲ အာရုံစိုက်နေတဲ့ မိုက်ကယ် ကာရစ်

အမှတ်ပေးဇယားအဆင့် ၃ နေရာကိုပဲ အာရုံစိုက်နေတဲ့ မိုက်ကယ် ကာရစ်

မန်ချက်စတာယူနိုက်တက်ရဲ့ နည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားနေသူတစ်ယောက်ကို အထိနာအောင်လုပ်ဖို့ဆိုတဲ့အချက်ဟာ တနင်္ဂနွေနေ့ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ သူ့အတွက် စိတ်အားထက်သန်စရာအကြောင်းရင်း မဟုတ်ဘူးလို့ မိုက်ကယ် ကာရစ်က ပြောလိုက်ပါတယ်။

ပဲလေ့စ်နည်းပြ အိုလီဗာ ဂလက်စနာဟာ လောင်းကစားဒိုင်တွေရဲ့ အလေးပေးမှုမှာ ဒုတိယနေရာမှာ ရှိနေပါတယ်။ သူ့အသင်းဟာ ဒီရာသီမှာ ရုန်းကန်နေရပြီး သူကိုယ်တိုင်လည်း အသင်းဘုတ်အဖွဲ့ကို ပွင့်ပွင့်လင်းလင်း ဝေဖန်တာ၊ FA ဖလားမှာ မက်ကလက်စ်ဖီးလ်ကို ရှုံးနိမ့်တာနဲ့ ပရိသတ်တွေနဲ့ အဆင်မပြေတာတွေ ရှိနေပေမဲ့ ယူနိုက်တက်နည်းပြလောင်းအဖြစ် သတ်မှတ်ခံထားရဆဲပါ။

ယာယီနည်းပြ ကာရစ်ကတော့ ၆ ပွဲကစား ၅ ပွဲနိုင် ၁ ပွဲသရေ ရလဒ်နဲ့အတူ အခုအခါမှာတော့ ယူနိုက်တက်နည်းပြသစ်ဖြစ်ဖို့ အလားအလာအကောင်းဆုံး ဖြစ်နေပါတယ်။

သောကြာနေ့က အက်စတွန်ဗီလာဟာ ဝုလ်ဗ်ကို မထင်မှတ်ဘဲ ရှုံးနိမ့်ခဲ့တာကြောင့် ယူနိုက်တက်ဟာ ပဲလေ့စ်ကို အိုးလ်ထရက်ဖို့ဒ်မှာသာ အနိုင်ရခဲ့ရင် ၂၀၂၂-၂၃ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အမှတ်ပေးဇယား အဆင့် ၃ နေရာကို တက်လှမ်းနိုင်မှာပါ။

ဒါဟာ ကာရစ်အတွက် လုံလောက်တဲ့ တွန်းအားဖြစ်နေပြီး သူ့အနေနဲ့ ပြိုင်ဘက်နည်းပြနဲ့ ပုဂ္ဂိုလ်ရေးအရ ပြိုင်ဆိုင်ဖို့ လုံးဝမစဉ်းစားထားဘူးလို့ ဆိုပါတယ်။

“ခင်ဗျားတို့ပြောမှပဲ ကျွန်တော် ဒါကို သတိထားမိတော့တယ်။ ဒါက ဘာမှထူးခြားစေမှာ မဟုတ်ပါဘူး။ ခရစ္စတယ်ပဲလေ့စ်နဲ့ အိုလီဗာကို သူတို့ရဲ့အသင်း၊ သူတို့လုပ်ဆောင်နေတဲ့ အခန်းကဏ္ဍတွေအတွက် ကျွန်တော် အပြည့်အဝလေးစားပါတယ်။ ဒါပေမဲ့ ဒါက ကျွန်တော်တို့အတွက် နောက်ထပ်ပွဲစဉ်တစ်ပွဲပါပဲ” လို့ သူက ပြောခဲ့ပါတယ်။

နိုဝင်ဘာ ၃၀ ရက်နေ့တုန်းက နှစ်သင်းတွေ့ဆုံခဲ့စဉ်မှာ ပဲလေ့စ်ဟာ ယူနိုက်တက်ထက် အမှတ်ပေးဇယားမှာ အသာရနေခဲ့တာပါ။

အဲဒီတုန်းက ၂-၁ နဲ့ နိုင်ခဲ့တဲ့ပွဲမှာ အရေးပါခဲ့တဲ့ မားသိုက်စ် ဒီလစ်ကတော့ ကျောဒဏ်ရာကြောင့် မကစားနိုင်သေးပါဘူး။ နောက်ထပ် နောက်ခံလူ လီဆန်ဒရို မာတီးနက်ဇ်ကလည်း ခြေသလုံးဒဏ်ရာကြောင့် အဲဗာတန်နဲ့ပွဲကို လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါက ပြဿနာအသေးအမွှားလေးပဲဖြစ်လို့ အာဂျင်တီးနားသားဟာ သိပ်မကြာခင်မှာ ပြန်ကစားနိုင်လိမ့်မယ်လို့ ကာရစ်က ယူဆထားပါတယ်။

အဆင့် ၅ နေရာက ချယ်လ်ဆီးဟာ အာဆင်နယ်အက်စတွန်ဗီလာတို့နဲ့ ကစားဖို့ရှိနေတာကြောင့် ဒါဟာ ယူနိုက်တက်အတွက် ချန်ပီယံလိဂ်ဝင်ခွင့်နေရာကို ခိုင်မာအောင်လုပ်ဖို့ အခွင့်အရေးကောင်းတစ်ခု ဖြစ်နေပါတယ်။

ဇန်နဝါရီလတုန်းက ရူဘင် အမော်ရင် အထုတ်ခံရချိန်မှာ ဒီလိုအခြေအနေမျိုး ရောက်လာမယ်လို့ ဘယ်သူမှ မထင်ခဲ့ကြပါဘူး။

“ကျွန်တော်တို့ အနေအထားကောင်းတစ်ခုမှာ ရှိနေပါတယ်။ ရှေ့ကို ဆက်လှမ်းနေတယ်လို့လည်း ခံစားရပါတယ်။ ဒါပေမဲ့ အရေးကြီးတာက ရှေ့မှာရှိနေတဲ့အရာတွေနဲ့ အမှတ်ပေးဇယားမှာ အခုထက်ပိုမြင့်တဲ့နေရာကို ရောက်ဖို့ပါပဲ။ အခုလောလောဆယ် ကျွန်တော် ဒါကိုပဲ အာရုံစိုက်ထားပါတယ်” လို့ ကာရစ်က ပြောကြားသွားခဲ့ပါတယ်။

Source : https://www.bbc.co.uk/

Leave a Reply

Your email address will not be published. Required fields are marked *