အနုပညာသမားတွေဆိုတာ သဏ္ဌာန်လုပ်သရုပ်တူ ဆေးစက်ကျရာ အရုပ်ထင်အောင် ပုံဖော်ရသူတွေ ဖြစ်ပါတယ်။ ဇာတ်ကောင်ကာရိုက်တာနဲ့ အင်ဝင်ခွင်ကျဖြစ်အောင် အတက်နိုင်ဆုံး ပုံဖော်သရုပ်ဆောင်ရတဲ့ အလုပ်ဟာ တကယ်တော့ ပညာသားအရမ်းပါသလို လွယ်ကူတဲ့ အလုပ်တစ်ခုလည်း မဟုတ်ပါဘူး။
အချစ် ၊ အလွမ်း ၊ အမုန်း ရသစုံအောင် သရုပ်ဆောင်တက်ဖို့လိုသလို တစ်ခါတစ်လေမှာလည်း ကြမ်းကြမ်းတမ်းတမ်း အက်ရှင်ခန်းတွေနဲ့အညီ တိုက်ခိုက်သတ်ပုတ်ရတဲ့ ဇာတ်ဝင်ခန်းတွေကိုလည်း အကောင်းဆုံး အပီအပြင်ဆုံး သရုပ်ဆောင်ကြရပါတယ်။
ဒီတစ်ခေါက်မှာတော့ အက်ရှင်ဇာတ်ကားတွေထဲမှာ အပီအပြင်ဆုံး သရုပ်ဆောင်နိုင်ရုံမက အပြင်လောကမှာပါ ကိုယ်ခံပညာ ကောင်းကောင်းတက်ကျွမ်းထားတဲ့ ဟောလိဝုဒ် စတား ၅ ဦးကို ရွေးချယ်ပြောပြပေးပါမယ်။
တကယ်တော့ ယခုဖော်ပြပေးတဲ့ (၅) ဦးတင်မဟုတ်ဘဲ အခြားမင်းသားတွေလည်း ရှိပါသေးတယ်။ အဲဒါကြောင့် အပိုင်း (၂) ၊ (၃)၊ (၄) ၊ (၅) ခွဲပြီး ဖော်ပြပေးသွားပါ့မယ်။
(၁) Keanu Reeves

The Matrix ဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ မင်းသားကြီး Keanu Reeves (မြန်မာတွေက ချစ်စနိုးအမည်ပေးထားတာက “ကြည်နူးရိပ်“) ကတော့ ကိုယ်ခံပညာ Martial Art ကို အလွန် စိတ်ဝင်စားကြောင်း ဝန်ခံထားသူ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်က ထွက်ရှိလာခဲ့တဲ့ John Wick ဇာတ်ကားမှာလည်း အတိုက်အခိုက်အသတ်အပုတ်စတဲ့ အက်ရှင်ပညာရပ်တွေကို အကျွမ်းကျင်အပိုင်နိုင်ဆုံး သရုပ်ဆောင်သွားခဲ့သူပါ။ Keanu Reeves ဟာ John Wick ဇာတ်ကားအတွက် အကောင်းဆုံး သရုပ်ဆောင်ချက်တွေ ပြသနိုင်ဖို့ လပေါင်းများစွာကြာအောင် ဂျူဒို သင်ခဲ့သလို ဂျူဂျစ်ဆု ပညာရပ်ကိုလည်း လေ့လာသင်ကြားခဲ့ဖူးသူ ဖြစ်ပါတယ်။
(၂) Jason Statham

အက်ရှင်လောကရဲ့အထင်ကရ အင်္ဂလိပ်မင်းသားကြီး Jason Statham ကတော့ ဘရာဇီးဂျူဂျစ်ဆု ၊ ဝွန်ချွန်း ၊ ကရာတေးနဲ့ ကစ်ဘောက်စ်ဆင် အပါအဝင် ကိုယ်ခံပညာ တော်တော်များများ လေ့ကျင့်တက်ကျွမ်းထားသူ ဖြစ်ပါတယ်။ The Transporter ၊ Fast & Furious နဲ့ The Mechanic အပါအဝင် နာမည်ကြီး အက်ရှင်ဇာတ်ကား တော်တော်များများမှာလည်း Jason Statham ရဲ့ ကိုယ်ခံပညာစွမ်းရည်တွေကို ပရိသတ်တွေ မျက်ဝါးထင်ထင် မြင်တွေ့ခဲ့ရပြီး ဖြစ်ပါတယ်။
ဒါကြောင့်လည်း မင်းသားကြီး Jason Statham ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အက်ရှင်ဇာတ်ကားတိုင်းဟာ ရုပ်ရှင်ဇာတ်ကားနဲ့ မတူအောင်ကို အသက်ဝင်ပီပြင်လွန်ပြီး လက်ဖျားခါလောက်အောင်ကောင်းတဲ့ တိုက်ခိုက်မှု စွမ်းရည်တွေကို ရုပ်ရှင်ချစ်ပရိသတ်တွေ ခံစားရတာပဲ ဖြစ်ပါတယ်။
(၃) Robert Downey Jr.

Air America ၊ Natural Born Killers ၊ Tropic Thunder နဲ့ Sherlock Holmes စတဲ့ ဇာတ်ကားတွေနဲ့ နာမည်ကြီးသလို Iron Man မင်းသားကြီး တစ်ဖြစ်လည်း လူသိများတဲ့ ဟောလိဝုဒ်ရဲ့ ထိပ်တန်းသရုပ်ဆောင် Robert Downey Jr. ကလည်း ရုပ်ရှင်ထဲမှာသာမက ပြင်ပလောကမှာပါ ကိုယ်ခံပညာ တက်ကျွမ်းထားသူ တစ်ဦးဖြစ်ပါတယ်။
အမေရိကန် ဝွန်ချွန်းကွန်ဖူးပညာရှင်နဲ့ တိုက်ခိုက်ရေးသမားတစ်ဦးဖြစ်တဲ့ Eric Oram ကိုယ်တိုင် Robert Downey Jr. ကို Sherlock Holmes ဇာတ်ကားအတွက် ဝွန်ချွန်း ကိုယ်ခံပညာရပ် သင်ကြားပေးခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ခံပညာ လေ့ကျင့်ရတာဟာ သရုပ်ဆောင်စွမ်းရည် အတွက်သာမက ကျန်းမာတဲ့နေထိုင်မှုပုံစံအတွက်လည်း များစွာအထောက် အကူပြုတယ်လို့ Robert Downey Jr. က ဆိုထားပါတယ်။
(၄) Jean Claude Van Damme

မြန်မာပရိသတ်တွေကြားမှာ ဗန်ဒိန်းလို့ လူသိများကြတဲ့ မင်းသားကြီး Jean Claude Van Damme ကတော့ ကိုယ်ခံပညာ တက်ကျွမ်းသူတစ်ယောက်ဆိုတာ ပြောစရာမလိုအောင် သိပြီးသားဖြစ်မယ် ထင်ပါတယ်။ မင်းသားကြီး ဗန်ဒိန်းဟာ အသက် ၁၀ နှစ်သား အရွယ်ကတည်းက ကရာတေး ပညာရပ်ကို သင်ကြားခဲ့ပြီး အသက် ၁၈ နှစ်မှာ ခါးပတ်နက် ရရှိခဲ့ပါတယ်။
အသက် ၁၂ နှစ် အရွယ်ကတည်းက ဘယ်လ်ဂျီယံအမျိုးသား ကရာတေးအသင်းမှာ လေ့ကျင့်ကစားခဲ့ပြီး အသက် ၁၅ နှစ်မှာ ပြိုင်ပွဲတွေ ဝင်ပြိုင်ကာ နိုင်ပွဲပေါင်း ၄၄ ပွဲအထိ စွမ်းဆောင်နိုင်ခဲ့သူ ဖြစ်ပါတယ်။ မင်းသားကြီး ဗန်ဒိန်းဟာ တိုက်ကွမ်ဒိုနဲ့ မွေထိုင်း ပညာရပ်တွေကိုလည်း လေ့လာခဲ့ပြီး သူ့ရဲ့ရုပ်ရှင်ဇာတ်ကား တော်တော်များများမှာ ကရာတေးနဲ့ ကစ်ဘောက်စ်ဆင်ကို ပေါင်းစပ်ထားတဲ့ တိုက်ခိုက်စွမ်းရည်တွေကို အများဆုံးသုံးလေ့ရှိသူ ဖြစ်ပါတယ်။
(၅) Jackie Chan

နောက်ဆုံးပြောပြချင်တဲ့ ကိုယ်ခံပညာ ကျွမ်းကျင်သူ ထိပ်တန်းမင်းသားကြီးကတော့ အားလုံးရဲ့ အချစ်တော် Jackie Chan ပဲ ဖြစ်ပါတယ်။ Jackie Chan ဟာ အမေရိကန် ရုပ်ရှင်လောကမှာ ထင်ရှားတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်မလာခင်ကတည်းက စတန့်လောကမှာ နှစ်အတော်ကြာ ကျင်လည်ခဲ့သူပါ။
Jackie Chan ရဲ့ ကျွမ်းကျင်တဲ့ ကိုယ်ခံပညာရပ်နဲ့ စတန့်ပြကွက်တွေကပဲ ဟောလိဝုဒ် ရုပ်ရှင်လောကအထိ ထိုးဖောက်ကျော်ကြားမှု ရစေခဲ့တာ ဖြစ်ပါတယ်။ Jackie Chan ဟာ တက်ကွမ်ဒို ၊ ဂျူဒို ၊ ဟမ်ကီဒိုနဲ့ ကရာတေး အပါအဝင် ကိုယ်ခံပညာ Martial Art များစွာကို တက်ကျွမ်းထားတဲ့ ထူးချွန်မင်းသားကြီးတစ်လက်ပဲ ဖြစ်ပါတယ်။