ဗုဒ္ဓဟူးနေ့နံနက်က စတန်းဖို့ဒ်ဘရစ်ချ်မှာ ယှဉ်ပြိုင်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ချဲလ်ဆီးကို ၁-၀ နဲ့အရေးနိမ့်ပြီးနောက် ဘင်ဖီကာနည်းပြ ဟိုဆေးမော်ရင်ဟိုက ချဲလ်ဆီးပရိသတ်တွေရဲ့ကြိုဆိုမှုကို ကျေးဇူးတင်ပေမဲ့ ရှုံးနိမ့်မှုကတော့ သူ့အတွက်ကျေနပ်စရာမဟုတ်ကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ နှစ်သင်းစလုံး ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်ဖို့ ရုန်းကန်ခဲ့ရတာကြောင့် စိတ်လှုပ်ရှားစရာအခိုက်အတန့်တွေနည်းပါးခဲ့ပြီး ဘင်ဖီကာကွင်းလယ်လူ ရစ်ချတ်ရီယိုစ်ရဲ့ OG ကြောင့်သာ ချဲလ်ဆီးအနေနဲ့ ဒီရာသီပထမဆုံး ချန်ပီယံလိဂ်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ မော်ရင်ဟိုက “ကျွန်တော့်ကိုယ်ကျွန်တော် အားရကျေနပ်စေတာ ဒီမှာရှိခဲ့တဲ့ မှတ်ဉာဏ်တွေကြောင့်မဟုတ်ပါဘူး။ ကျွန်တော်က နိုင်ပွဲတွေနဲ့ပဲ ကိုယ့်ကိုယ်ကိုယ်အားရကျေနပ်စေပါတယ်။ ဒီမှာအမှတ်တရတွေတော့ ရှိခဲ့တာပေါ့။ ပွဲကိုအာရုံစိုက်နေပေမဲ့ ပရိသတ်တွေရဲ့အသံတွေကြားနေရပါတယ်”
“ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ ကျွန်တော် လန်ဒန်မှာနေတုန်းက ချဲလ်ဆီးပရိသတ်တွေနဲ့ နေ့တိုင်းလိုလို လမ်းတွေထဲမှာတွေ့ခဲ့ပါတယ်။ ဒီဆက်ဆံရေးက ထာဝရတည်မြဲနေမယ်ဆိုတာ သိပါတယ်။ လာမဲ့ နှစ်ပေါင်း ၂၀ လောက်ကျရင် ကျွန်တော် ဒီကို ကျွန်တော့်ရဲ့မြေးတွေနဲ့ အတူတူပြန်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုနိုင်ပွဲဟာ ချဲလ်ဆီးအတွက်လည်း အားရကျေနပ်စရာနိုင်ပွဲမဟုတ်ခဲ့ဘဲ အန်ဇိုမာရက်စ်ကာရဲ့အသင်းဟာ ပွဲစဉ်တစ်လျှောက်ဆုံး အပိုင်အခွင့်အရေး ၁ ကြိမ်သာ ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် တိုက်စစ်မှူး ဂျာအိုပက်ဒရိုကလည်း ပွဲပြီးကာနီးမှာ ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံခဲ့ရတာကြောင့် ချဲလ်ဆီးအနေနဲ့ စည်းကမ်းပိုင်းဆိုင်ရာ စိုးရိမ်ပူပန်စရာတွေရှိလာခဲ့ပြီဖြစ်ပါတယ်။ ချဲလ်ဆီးဟာ ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲမှာ အနီကတ် ၃ ကြိမ်ထိထားခဲ့တာဖြစ်ပါတယ်။
သို့သော်လည်း မာရက်စ်ကာက “အနည်းဆုံးတော့ အနီကတ်တစ်ကတ်နဲ့ ဘယ်လိုအနိုင်ရအောင်ကစားမလဲ ကျွန်တော်တို့သင်ယူခဲ့ရပါတယ်။ ကျွန်တော်တို့ ဒီပွဲကို နိုင်ဖို့လိုအပ်ခဲ့ပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ဘောလုံးကိုင်ထားနိုင်ခဲ့ပြီး အခွင့်အရေးတွေပိုရခဲ့တယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ အသင်းမှာဒဏ်ရာပြဿနာတွေရှိနေလို့ တစ်ဂိုးရပြီးချိန်မှာ ပွဲကိုထိန်းချုပ်ပြီး ကစားခဲ့ပါတယ်။ တစ်ခါတလေမှာ ရုပ်ဆိုးစွာနဲ့အနိုင်ရဖို့အတွက်လည်း ကျွန်တော်တို့သင်ယူရပါမယ်” လို့ပြောကြားခဲ့ပါတယ်။
Source : https://onefootball.com