ပြီးခဲ့တဲ့လက စပိန်နိုင်ငံ၊ ဇာမိုရာပြည်နယ်မှာ ကားမတော်တဆမှုဖြစ်ပြီးနောက် ကွယ်လွန်သွားခဲ့တဲ့ လီဗာပူးတိုက်စစ်မှူး ဂျိုတာ (၂၈ နှစ်) နဲ့ သူ့ရဲ့ညီဖြစ်သူ (၂၅ နှစ်) တို့အတွက် တစ်ကမ္ဘာလုံးက အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။ ဂျိုတာ ကွယ်လွန်ပြီးနောက် လီဗာပူးအသင်းက အသင်းရဲ့ ပထမဆုံးပွဲဖြစ်တဲ့ အက်သလက်တစ် ဘီလ်ဘာအိုနဲ့ ရာသီအကြို ခြေစမ်းပွဲမစတင်ခင်မှာ အမှတ်တရ ဂုဏ်ပြုခဲ့ကြပါတယ်။
တနင်္ဂနွေနေ့က ဝင်ဘာလေကွင်းမှာ ကစားခဲ့တဲ့ လီဗာပူးနဲ့ ပဲလေ့စ်အသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်မတိုင်ခင်မှာလည်း ဂျိုတာအတွက် နောက်ထပ် အမှတ်တရဂုဏ်ပြုခဲ့ကြပါသေးတယ်။ ဒါပေမဲ့ ဒီပွဲရဲ့ အမှတ်တရပြုလုပ်ခဲ့တဲ့ “ငြိမ်သက်ခြင်းအခိုက်အတန့်” ကို ပရိသတ်အချို့က နှောင့်ယှက်ခဲ့တာကြောင့် ရပ်ခဲ့ရပါတယ်။
ချဲလ်ဆီးအသင်းကတော့ ဂျိုတာရဲ့ မိသားစုအတွက် ဘဏ္ဍာရေးဆိုင်ရာ ထောက်ပံ့ပေးအပ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ချဲလ်ဆီးအသင်းက ဒီနွေရာသီမှာ ကလပ်ကမ္ဘာ့ဖလားကိုရယူခဲ့ပြီး အသင်းသားတွေရဲ့ ဆုကြေးငွေအချို့ကို အသုံးပြုသွားမှာပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲ ဗိုလ်လုပွဲမှာ ပြင်သစ်ကလပ် ပီအက်စ်ဂျီကို အနိုင်ရခဲ့တဲ့ ချဲလ်ဆီးအသင်းက အမေရိကန်မှာ ကျင်းပခဲ့တဲ့ ဒီပြိုင်ပွဲကနေ ပေါင် ၈၄.၄ သန်း ရရှိခဲ့ပါတယ်။
ချဲလ်ဆီးအသင်းဟာ ကလပ် ကမ္ဘာ့ဖလားမှာ ပါဝင်ခဲ့တဲ့ အသင်းသားတွေကြားမှာ ပေါင် ၁၁.၄ သန်းကို ခွဲဝေပေးခဲ့ပါတယ်။ ကစားသမားတစ်ဦးချင်းစီ ပေါင် ၃၆၈၀၀၀ လောက် ရရှိခဲ့ပါတယ်။ ချဲလ်ဆီးအသင်းနဲ့ ကစားသမားတွေရဲ့ ပူးတွဲဆုံးဖြတ်ချက်အရတော့ ဂျိုတာရဲ့ မိသားစုကို ထောက်ပံ့ငွေအဖြစ် ပေးအပ်သွားမယ်လို့ သိရပါတယ်။
လီဗာပူးနည်းပြ အာနီ ဆလော့ကလည်း လီဗာပူးနဲ့ အက်သလက်တစ် ဘီလ်ဘာအိုတို့ရဲ့ ခြေစမ်းပွဲမတိုင်ခင်မှာ ဂျိုတာအတွက် အမှတ်တရ ဂုဏ်ပြုပြောဆိုခဲ့ပါတယ်။ “ဒါဟာ အသင်းနဲ့ ဆက်စပ်နေတဲ့သူတိုင်းအတွက် ခက်ခဲတဲ့အချိန်ပါပဲ။အထူးသဖြင့် ဂျိုတာရဲ့ မိသားစု၊ ဇနီးသည်၊ ကလေးတွေနဲ့ သူငယ်ချင်းတွေအတွက်ပေါ့”
“သူတို့ ခံစားနေရတဲ့ နာကျင်မှုကိုတော့ ကျွန်တော်တို့ စိတ်ကူးနဲ့တောင် မမှန်းဆနိုင်ပါဘူး။ အသင်းကတော့ ရှေ့လျှောက် သူတို့ကို ပံ့ပိုးပေးနိုင်တာအားလုံးကို ဆက်လက်ပေးသွားမှာပါ” “ကျွန်တော်တို့တွေ ဘယ်သွားသွား သူ့ကို ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ အတွေးတွေထဲမှာ အမြဲတမ်း သယ်ဆောင်ထားမှာပါ”
“ဂျိုတာရဲ့ ကွယ်လွန်မှုက ကျွန်တော်တို့အားလုံးအပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုရှိပါတယ်။ ဒါပေမဲ့ အရေးကြီးတာကတော့ ဘောလုံးကမ္ဘာနဲ့ လီဗာပူးအသင်းရဲ့ အသိုင်းအဝိုင်းက ပြသခဲ့တဲ့ မေတ္တာတွေနဲ့ ဂရုစိုက်မှုတွေပဲ ဖြစ်ပါတယ်” လို့ ဆလော့က ပြောခဲ့ပါတယ်။
ဂျိုတာဟာ ၂၀၂၀ ကနေ ၂၀၂၅ ခုနှစ်အထိ လီဗာပူးအတွက် စုစုပေါင်း ၁၈၂ ပွဲ ကစားပေးခဲ့ပြီး ၆၅ ဂိုးသွင်းယူကာ ၂၆ ဂိုး ဖန်တီးပေးခဲ့ပါတယ်။
Source : https://metro.co.uk