တမူထူးခြားသောကျွမ်းကျင်မှုများရှိသည့် တရုတ်အမျိုးသားတစ်ဦးသည် ဖဲချပ်များကိုပစ်ကာ သခွားသီးကို ဖြတ်တောက်ပြမှုနှင့် ဖဲချပ်များကို အသုံးပြုကာ မီးခြစ်ဆံများကို မီးတောက်အောင်လုပ်ပြခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်နှစ်ခုကို ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
Zhang Yazhou ဆိုသည့် အမျိုးသားက ၎င်းသည် ကလေးဘဝတွင် လောက်လေးဂွများနှင့်ကစားကာ ၎င်း၏လက်တည့်စွမ်းရည်ကို ပိုမိုကောင်းမွန်လာအောင် လေ့ကျင့်လာခဲ့ခြင်းဖြစ်ကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့သို့ပြောကြားခဲ့သည်။
Zhang Yazhou သည် ကောလိပ်တွင် ဖဲချပ်ဖြင့် ပစ်ပေါက်မှုများကို စတင်လေ့ကျင့်ခဲ့ပြီး နောက်ပိုင်းတွင် ၎င်း၏အရည်အချင်းများကို ဆိုရှယ် မီဒီယာတွင်တင်ခဲ့ပြီးနောက် စတင်လူသိများလာကာ အသက်မွေးဝမ်းကျောင်းလုပ်ငန်းတစ်ခုကို စတင်နိုင်လာခဲ့ခြင်းဖြစ်သည်။
သို့သော်လည်း Zhang Yazhou ၏ ဗီဒီယိုများမှာ အတုများသာဖြစ်ပြီး ဖန်တီးထားခြင်းများသာဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများလည်းရှိခဲ့သည်။
နောက်ပိုင်းတွင် Zhang Yazhou သည် ၎င်း၏ကျွမ်းကျင်မှုများကို နောက်ထပ်အဆင့်တစ်ခုသို့ မြှင့်တင်ရန်နှင့် ကမ္ဘာ့ဂင်းနစ်စံချိန်တင်သူဖြစ်လာရန်အတွက် လပေါင်းများစွာကြာအောင် လေ့ကျင့်ခဲ့ရပြီးနောက် Zhang Yazhou သည် အချိန်တစ်မိနစ်အတွင်း ချိတ်ဆွဲထားသော သခွားသီး (၄၁)လုံးကို ဖဲချပ်များဖြင့်ပစ်ကာ အောင်မြင်စွာဖြတ်ပြနိုင်ခဲ့ပြီးနောက် ၎င်း၏ ပထမဆုံးဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အချိန်ခဏကြာပြီးနောက် Zhang Yazhou သည် ၎င်း၏ကိုယ်ပိုင်ဖဲချပ်များကိုအသုံး ပြုကာ မီးခြစ်ဆံ(၂၉)ခုကို မီးတောက်အောင်လုပ်ပြခဲ့ပြီးနောက် ဒုတိယမြောက်ဂင်းနစ်စံချိန်ကို ထပ်မံရရှိခဲ့ခြင်းဖြစ်သည်။ ထို့ပြင် Zhang Yazhou က ၎င်း၏ဖဲချပ်ပစ်ပေါက်မှု အကွာအဝေးကို တိုးမြှင့်ရန်အတွက် နည်းစနစ်အသစ်များကို စမ်းသပ်နေပြီး အနာဂတ်တွင် နောက်ထပ်မှတ်တမ်း အသစ်များကို ရယူနိုင်ရန်အတွက် ကြိုးပမ်းနေကြောင်း ပြောကြားခဲ့သည်။

Source : guinnessworldrecords.com