ဘော်လွန်းဒီအော်ငါးကြိမ်ဆုရှင် စီရော်နယ်ဒိုက ရီးရဲလ်မက်ဒရစ်စတား ဗင်နီးစီယက်စ်လွဲချော်ခဲ့တဲ့ အခုနှစ်ဆုပေးပွဲရလဒ်နဲ့ပတ်သက်ပြီး မျှတမှုမရှိဘူးလို့ ပြီးခဲ့တဲ့သောကြောနေ့မှာ ပြောဆိုခဲ့ပါတယ်။

အောက်တိုဘာလအတွင်း မန်စီးတီးကွင်းလယ်လူ ရိုဒရီက ရေပန်းအစား ဆုံးဗင်နီးစီးယက်စ်ကို ကျော်ဖြတ်ပြီး အခုနှစ်အတွက် ဂုဏ်သိက္ခာအကြီးမားဆုံးဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရိုဒရီက မန်စီးတီးအသင်း ကို ပရီးမီးယားလိဂ်ချန်ပီယံဆုလေးကြိမ်ဆက်ရရှိအောင် ကူညီပေးခဲ့သလို စပိန်အသင်းနဲ့လည်း ယူရို-၂၀၂၄ ချန်ပီယံဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။
တစ်ဖက်မှာလည်း တိုက်စစ်မှူးဗင်နီးစီးယက်စ်က ရီးရဲလ်မက်ဒရစ်ကို စံချိန်တင် ၁၅ ကြိမ်မြောက် ချန်ပီယံလိဂ်ဆုဖလားရရှိအောင် ကူညီပေးခဲ့ပါတယ်။ ဗင်နီးစီးယက်စ်ရဲ့ ရီးရဲလ်မက်ဒရစ်အသင်း သပိတ်မှောက်မှုနဲ့အတူ ပါရီမြို့မှာကျင်းပခဲ့တဲ့ အခုနှစ်ဆုပေးပွဲကလည်း အငြင်းပွားစရာတွေနဲ့ ပြည့်နှက်နေခဲ့ပါတယ်။
Global Soccer Awards ဆုပေးပွဲအခမ်းအနားအတွင်း ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဟောင်းစီရော်နယ်ဒိုက
“ကျွန်တော့်အမြင်အရ ဗင်နီးစီးယက်စ်က ရွှေဘောလုံးဆုရှင်ဖြစ်လာဖို့ ထိုက်တန်ခဲ့ပါတယ်။ ဒီရလဒ်ပိုင်းက တရားမျှတမှုမရှိပါဘူး။ ဒါကို လူမြင်ကွင်းရှေ့ဒီ အခမ်းအနားမှာ ကျွန်တော်ပြောလိုပါတယ်။ သူတို့တွေက ရိုဒရီကို ဆုပေးလိုက်ပါတယ်။ ရိုဒရီလည်း ရွှေဘောလုံးဆုနဲ့ ထိုက်တန်ပါတယ်။ ဒါပေမဲ့ ချန်ပီယံလိဂ်ဖလားဆုရှင်ဖြစ်ခဲ့တဲ့ ဗင်နီးစီးယက်စ်ကိုပဲ ဒီဆုပေးသင့်ပါတယ်”လို့ ပြောပါတယ်။
ဘော်လွန်းဒီအော်ဆုဆွတ်ခူးနိုင်မှုနဲ့ပတ်သက်လို့ အာဂျင်တီးနားကြယ်ပွင့်မက်ဆီကသာ စုစုပေါင်းရှစ်ကြိမ်ဖြင့် စီရော်နယ်ဒိုထက် သာလွန်အောင် စွမ်းဆောင်ထားနိုင်ပါတယ်။ ဘော်လွန်းဒီအော်ဆုရှင်ကို နိုင်ငံတကာမှ အားကစားဂျာနယ်လစ် ၁၀၀ ဦးက မဲပေးရွေးချယ်လေ့ရှိပါတယ်။
Source : fotmob.com
#ခရစ္စတီယာနိုရော်နယ်ဒို #ဗင်နီစီးယက်စ်ဂျူနီယာ #ရီးရဲလ်မက်ဒရစ် #မန်စီးတီး #ရိုဒရီ #ဘော်လွန်းဒီအော် #အာဂျင်တီးနား #မက်ဆီ