ချဲလ်ဆီး အသင်းဟာ ယနေ့မနက်က ကစားသွားတဲ့ ကွန်းဖရန့်လိဂ် play-off နောက်ဆုံးအဆင့် ဒုတိယအကျော့ပွဲမှာ ဆွစ်ဇာလန် ကလပ် ဆာဗက် အသင်းကို ၂ – ၁ နဲ့ အရေးနိမ့်ခဲ့ပေမယ့် ၂ကျော့ပေါင်း ရလဒ် အရ ၃ – ၂ နဲ့ အနိုင်ရပြီး ၊ ကွန်းဖရန့်လိဂ် ပြိုင်ပွဲသို့ ကလပ်သမိုင်းတလျှောက် ပထမဆုံးအကြိမ်ပါဝင်ယှဉ်ပြိုင်ခွင့် ရသွားပါတယ်။
ဒီပွဲမှာ ချဲလ်ဆီး နည်းပြ အန်ဇို မာရက်စ်ကာဟာ ပထမအကျော့တုန်းကလို အဓိက ကစားသမားအများစုကို အနားပေးကာ ၊ ပွဲထွက်စာရင်းကို တစ်သင်းလုံးနီးနီး ပြောင်းလဲခဲ့ပါတယ်။ စောစောစီးစီးပဲ ပွဲကိုဦးဆောင်နိုင်ခဲ့ပေမဲ့ ခြင်္သေ့ပြာတို့ နောက်ပိုင်းမှာ ကစားအားကျလာခဲ့ပြီး ၊ ခံစစ်ပိုင်း အားနည်းမှုတွေကြောင့် ပြိုင်ဖက်ကို ပြန်လာခွင့်တွေပေးခဲ့ပါတယ်။
ဒုတိယပိုင်းမှာ ချဲလ်ဆီးတို့ လူစားလဲမှုတချို့လုပ်ခဲ့ပြီး ၊ ထိုအထဲမှာ အကယ်ဒမီထွက် လူငယ်တောင်ပံကစားသမား တိုင်ရစ်ခ်ဂျော့ချ်လည်း တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ဒါဟာ ၎င်းရဲ့ ချဲလ်ဆီး စီနီယာကစားသမားဘဝ ပထမဆုံးကစားခွင့်ရတဲ့ ဥရောပပွဲလည်း ဖြစ်ပါတယ်။

ပွဲပြီး သတင်းစာ ရှင်းလင်းပွဲမှာတော့ မာရက်စ်ကာက တိုင်ရစ်ခ်ဂျော့ချ်ရဲ့ ပွဲအပေါ် ရှိန်မနေခဲ့တဲ့ ကစားဟန်ကို ချီးကျူးရင်း ၊ ၎င်းတို့ အသင်းဟာ အကယ်ဒမီထွက်လူငယ် ကြယ်ပွင့်တွေနဲ့ပါ အနာဂတ်တစ်ခု တည်ဆောက်ဖို့ ရည်ရွယ်ထားတဲ့ အကြောင်း အခုလိုပဲ ဖွင့်ဟလာပါတယ်။
မာရက်စ်ကာ က ” သူ ကစားတာကောင်းခဲ့ပါတယ်။ အရေးကြီးဆုံးအရာက သူပွဲကို ရှိန်မနေခဲ့တာပါ။ သူဟာ ပင်ကိုဟန် အပြည့်နဲ့ ကစားခဲ့ပါတယ်။ သူဟာ လူငယ်ကစားသမား တစ်ယောက်ပါ။ နောက်ပြီး ကျွန်တော်တို့ရဲ့ အရန်ခုံမှာ ဂျော့ရှ်အာချန်းပေါင်းလည်း ရှိနေခဲ့ပါတယ်။ ”
”ကံမကောင်းစွာနဲ့ ဟာရစ်ဆင် ( မက်မာဟွန်း ) က အရန်စာရင်းထဲ ပါမလာခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ အိုင်ဒီယာက ဒီအကယ်ဒမီ ကစားသမားတွေနဲ့ အရေးပါတဲ့ အရာတခုခုကို ဖြည်းဖြည်းချင်း တည်ဆောက်ဖို့ပါ။ ” လို့ ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မာရက်စ်ကာ က ကွန်းဖရန့်လိဂ် အပေါ် ချဲလ်ဆီးရဲ့ သဘောထားနဲ့ ပတ်သက်ပြီး ”ဒါက ကျွန်တော်တို့ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်သွားမယ့် ပြိုင်ပွဲတစ်ခု ဖြစ်ပါတယ်။ ဒီနေ့ညမှာ ကျွန်တော်တို့ဟာ ဒီပြိုင်ပွဲကစားဖို့ အသင့်ရှိနေတဲ့ အသင်းတစ်သင်း ပုံစံအတိုင်း ပွဲကိုစတင်နိုင်ခဲ့ပါတယ်။ နောက်ပိုင်း ချေပဂိုး ပြန်ပေးခဲ့ရတော့ ၊ ပြိုင်ဖက်ဟာ အခွင့်အရေး တချို့ရခဲ့ပြီး ၊ ကျွန်တော်တို့ ယုံကြည်မှု အနည်းငယ်ကျဆင်းခဲ့ပါတယ်။”
Source : onefootball.com
#xda77 #xda77digital