အင်္ဂလန်လိဂ် ဝမ်းကလပ်တစ်ခုရဲ့တွဲဖက်ပိုင်ရှင်ဖြစ်လာတော့မဲ့ ဂါရတ်ဘေးလ်

ဂါရတ်ဘေးလ်

ရီးရဲလ်မက်ဒရစ်နဲ့ တော့တင်ဟမ်ဂန္ထဝင်ကစားသမားဟောင်း ဂါရတ်ဘေးလ်ဟာ အင်္ဂလန်လိဂ်ဝမ်းကလပ် ပလိုင်းမောက်အသင်းရဲ့ တွဲဖက်ပိုင်ရှင်ဖြစ်လာဖို့ ဆွေးနွေးမှုတွေပြုလုပ်နေပြီလို့သိရပါတယ်။ ဝေးလ်လက်ရွေးစင်အသင်းခေါင်းဆောင်ဟောင်းဟာ ၂၀၂၃ ခုနှစ်မှာ‌ ဘောလုံးကစားသမားဘဝမှ အပြီးသတ်အနားယူခဲ့ပြီး ရံဖန်ရံခါမှသာ ဘောလုံးဝေဖန်သုံးသပ်သူတစ်ယောက်အဖြစ် လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။

ယခုအခါမှာတော့ အသက်-၃၅ နှစ်အရွယ်ဘောလုံးကြယ်ပွင့်ဟောင်းဟာ အမေရိကန်အခြေစိုက် ပုဂ္ဂလိကရှယ်ယာအဖွဲ့အစည်းတစ်ခုနဲ့တွဲဖက်ပြီး ပလိုင်းမောက်ကို ရင်းနှီးမြှုပ်နှံမှုစတင်ပြုလုပ်ဖို့ ဆွေးနွေးလာခဲ့ပြီဖြစ်ပါတယ်။  The Telegraph သတင်းဌာနရဲ့အဆိုအရ အဆိုပါအဖွဲ့အစည်းအတွင်းမှာ အမေရိကန်လူမျိုးတွေဖြစ်တဲ့ စတော့ချ်မိသားစုဝင်တွေသာပါဝင်ပေမဲ့ ထူးထူးခြားခြားအနေနဲ့ ဘေးလ်က ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ အခွင့်အရေးရခဲ့တယ်လို့သိရပါတယ်။

ပလိုင်းမောက်ဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်မှ လိဂ်ဝမ်းသို့တန်းဆင်းသွားခဲ့တာဖြစ်ပြီး မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ဟောင်း ဝိန်းရွန်းနီ နည်းပြအဖြစ်ကိုင်တွယ်ခဲ့ဖူးတဲ့ အသင်းလည်းဖြစ်ပါတယ်။ လာမဲ့ ၂၀၂၅-၂၆ ဘောလုံးရာသီအတွက်လည်း ပလိုင်းမောက်ဟာ အသင်းရဲ့နည်းပြသစ်အဖြစ် ယူနိုက်တက်ကစားသမားဟောင်း တွန်ကလေဗာလီကိုခန့်အပ်ထားပြီး ၃ နှစ်စာချုပ်ချုပ်ဆိုထားပါတယ်။

ပြီးခဲ့တဲ့ဧပြီလမှာ ဘေးလ်ရဲ့ရီးရဲလ်မက်ဒရစ်အသင်းဖော်ဟောင်း လူကာမိုဒရစ်ဟာ ချန်ပီယံရှစ်ကလပ် ဆွမ်ဆီးရဲ့ ရှယ်ယာအများစုကိုဝယ်ယူခဲ့ပြီးနောက် ယခုအခါမှာတော့ ဘေးလ်က ပလိုင်းမောက်မှာရင်းနှီးမြှုပ်မှုပြုလုပ်ဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဘေးလ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဆောက်သမ်တန်နဲ့စတင်ခဲ့ပြီး တော့တင်ဟမ်သို့ပြောင်းရွှေ့ခဲ့ကာ ပရီးမီးယားလိဂ်ရဲ့အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရရှိခဲ့ရပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ တောင်ပံကသစားသမားဟာ ရီးရဲလ်မက်ဒရစ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ရောက်ရှိသွားခဲ့ပြီး ၉ နှစ်ကြာနေထိုင်ခဲ့ကာ ချန်ပီယံလိဂ်ဆုဖလား ၅ ကြိမ်၊ လာလီဂါ ၃ ကြိမ်နဲ့ ကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်ဆွတ်ခူးရရှိခဲ့ပါတယ်။

ဘေးလ်ဟာ ဝေးလ်လက်ရွေးစင်အသင်းအတွက် စုစုပေါင်း ၁၁၁ ပွဲကစားခဲ့ပြီး အသင်းသမိုင်းတစ်လျှောက် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ၄၁ ဂိုးအထိသွင်းယူပေးနိုင်ခဲ့ပါတယ်။ သို့သော်လည်း ပရီးမီးယားလိဂ်ကြယ်ပွင့်ဟောင်းဟာ လက်ရွေးစင်အသင်းနဲ့ဆုဖလားအောင်မြင်မှုမရခဲ့ဘဲ အမြင့်ဆုံးအနေနဲ့ ၂၀၁၆ ယူရိုပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိသာ တက်လှမ်းနိုင်ခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ ဘေးလ်တစ်ယောက် ဒဏ်ရာပြဿနာတွေနဲ့ရုန်းကန်ခဲ့ရပြီး တော့တင်ဟမ်သို့ အငှားစာချုပ်နဲ့ပြန်လည်ရောက်ရှိလာခဲ့ကာ မေဂျာလိဂ်ကလပ် လော့စ်အိန်ဂျလိစ်သို့ထပ်မံပြောင်းရွှေ့ခဲ့ပါတယ်။ ကာတာမှာကျင်းပခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဝေးလ်လက်ရွေးစင်အသင်းခေါင်းဆောင်အဖြစ် ဆောင်ရွက်ခဲ့ပြီးနောက်မှာတော့ ဘေးလ်ဟာ ကစားသမားဘဝမှ အနားယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။

Source : mirror.co.uk

Leave a Reply

Your email address will not be published. Required fields are marked *