ဂါနာချိုကို ပြစ်ဒဏ်အနေနဲ့ ယူနိုက်တက်ရဲ့ညစာအတွက် ငွေပေးချေခိုင်းခဲ့တဲ့ အာမိုရင်

ရူဘင်အာမိုရင်က အလီဂျန်ဒရိုဂါနာချိုကို အသင်းရဲ့ညစာစားပွဲအတွက် ငွေပေးချေခိုင်းခဲ့

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အစ်ဆွစ်ချ်ကို ၃-၂ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲခံခဲ့ရပြီးနောက် အသင်းရဲ့ အရန်ခုံကိုမလာဘဲ အဝတ်လဲခန်းထဲသို့ တန်းတန်းမတ်မတ်ဝင်သွားခဲ့တဲ့ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုကို ပြစ်ဒဏ်ပေးတဲ့ အနေနဲ့ အသင်းရဲ့ညစာစားပွဲအတွက် ငွေပေးချေခိုင်းခဲ့ပါတယ်။

အဆိုပါပွဲစဉ်အပြီးမှာလည်း အာမိုရင်ဟာ ဂါနာချိုရဲ့အပြုအမူနဲ့ပတ်သက်ပြီး ဆွေးနွေးမှုပြုလုပ်သွားမယ်လို့ မီဒီယာကို အသိပေးခဲ့ပါတယ်။ ယခုအခါမှာတော့ ပေါ်တူဂီသားနည်းပြဟာ ကစားသမားကို ပြစ်ဒဏ်အနေနဲ့ အသင်းဖော်တွေကိုသာ ညစာဝယ်ကျွေးခိုင်းခဲ့ပြီဖြစ်လို့ ပြဿနာကို ပြေလည်အောင် ဖြေရှင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

သောကြာနေ့က ပြုလုပ်ခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က “သူကျွန်တော့်ဆီကိုလာပါတယ်။ အဲဒါက ရယ်ရပါတယ်။ သူကျွန်တော့်ရဲ့ရုံးခန်းကိုလာတော့ ကျွန်တော်လည်း သူ့ကိုမေးခွန်းတစ်ချို့မေးခဲ့ပါတယ်။ သူက ရေစိုနေတဲ့အဝတ်တွေကိုလဲဖို့ အဝတ်လဲခန်းထဲကို သွားခဲ့တယ်ဆိုတဲ့အကြောင်း ရှင်းပြခဲ့ပါတယ်။ နောက်ပိုင်းမှာ အရန်ခုံပေါ်ပြန်မလာပေမဲ့ ပွဲကိုအဆုံးထိကြည့်ပြီးမှ အိမ်ပြန်ခဲ့တာပါ”

“ဒီတော့ ဒါက သူ့အမှားလည်းမဟုတ်ပါဘူး။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်လို အသင်းကြီးတစ်သင်းမှာတော့ အသေးစိတ် အချက်အလက်လေးတွေကအစ အရေးကြီးပါတယ်။ ဒီလိုအပြုအမူအတွက်တော့ သူက အသင်းရဲ့ညစာစားပွဲအတွက် ပိုက်ဆံရှင်းပေးသွားရမှာပါ။ ဒါပါပဲ” လို့ပြောကြားခဲ့ပါတယ်။

အဆိုပါပွဲစဉ်မှာ နောက်ခံလူ ပက်ထရစ်ဒေါ်ဂူတိုက်ရိုက်အနီကတ်ပြသခံရပြီးနောက်မှာ အာမိုရင်အနေနဲ့ ဂါနာချိုကို ထုတ်ပယ်ပြီး မာဇရာဝီကို အစားထိုးထည့်သွင်းခဲ့တာဖြစ်ပါတယ်။

လာမဲ့ တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ဂါနာချိုအနေနဲ့ ပွဲထွက်ကစားသမားအဖြစ် ပြန်လည် ပါဝင်လာဖွယ်ရှိပါတယ်။

Source : bbc.com

Leave a Reply

Your email address will not be published. Required fields are marked *