ဘာစီလိုနာအသင်းဟာ ပရိသတ်တွေရဲ့ အချစ်တော် ကွင်းလယ်လူ ဂါဗီ ပြန်လာနိုင်ဖို့အတွက် အစီအစဉ်ကို ချမှတ်ထားပြီး ဖြစ်ပါတယ်။ MARCA သတင်းဌာနရဲ့ ဖော်ပြချက်အရ ဘာစီလိုနာဟာ ဂါဗီ ပြန်လာဖို့အတွက် အကြမ်းဖျင်း အချိန်ဇယားတစ်ခုကို ဆွဲထားပြီးပြီလို့ သိရပါတယ်။
အတည်ပြုရက် အတိအကျကိုတော့ မသတ်မှတ်ရသေးပေမဲ့ အသင်းအတွင်းဆွေးနွေးမှုတွေအရ နောက်ထပ် နှစ်ပတ်အတွင်းမှာ သူ့ကို အသင်းလူစာရင်းထဲ အပြည့်အဝပြန်ထည့်သွင်းဖို့ ရည်မှန်းထားပါတယ်။ ဒါကြောင့် အရာအားလုံးသာ အဆင်ပြေသွားမယ်ဆိုရင် လာမဲ့နိုင်ငံတကာပွဲစဉ်တွေ မတိုင်ခင်မှာပဲ ဂါဗီကို ကွင်းထဲမှာ ခဏတဖြုတ် မြင်တွေ့ရနိုင်ပါတယ်။
ဘာစီလိုနာအသင်းဟာ ဂါဗီအတွက် အစွမ်းကုန် သတိထားနေပြီး ဘယ်လိုအန္တရာယ်မှမရှိစေဖို့အတွက် ဆေးအဖွဲ့ကလည်း သူ့ရဲ့အခြေအနေကို နေ့တိုင်းစစ်ဆေးနေပါတယ်။ ဒီအချိန်ဇယားဟာ ပုံသေမဟုတ်ဘဲ လာမဲ့ရက်တွေမှာ ဂါဗီရဲ့ ကြံ့ခိုင်မှုအခြေအနေအပေါ်မှာပဲ လုံးဝမူတည်နေတယ်လို့ ကလပ်အသင်းဘက်က ရှင်းရှင်းလင်းလင်း ပြောထားပါတယ်။
တစ်ဖက်မှာလည်း နည်းပြ ဟန်ဆီ ဖလစ်က ကွင်းထဲမှာ ဂါဗီ ဘယ်လိုပြန်ကစားမလဲဆိုတာကို အဆုံးအဖြတ် ပေးသွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ တဖြည်းဖြည်းချင်းစီပဲ ပြန်ကစားစေမှာကတော့ သေချာပါတယ်။ ပွဲကစားချိန်တွေကို ရုတ်တရက် အများကြီးပေးမှာမဟုတ်ဘဲ ဂါဗီရဲ့ ဒူးကို မလိုအပ်တဲ့ဒဏ်ရာတွေ မရစေဖို့နဲ့ ပုံမှန်ကစားကွက် အရှိန်အဟုန် ပြန်ရလာဖို့အတွက် အဆင့်ဆင့်တိုးမြှင့် ကစားစေမှာဖြစ်ပါတယ်။
အသက် ၂၁ နှစ်အရွယ် ဂါဗီဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကုန်ပိုင်းမှာ ဒူးအရိုးနုစုတ်ပြဲတဲ့ ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူခဲ့ရတာပါ။ အဲ့ဒီအချိန်တုန်းက ဆရာဝန်တွေက ၄ လကနေ ၅ လအထိ နားရမယ်လို့ ခန့်မှန်းခဲ့ကြပြီး အခုဆိုရင် အဲ့ဒီအချိန် ကုန်ဆုံးသွားပြီ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ဘာစီလိုနာက သူ့ကိုအသင်းထဲ ပြန်ဝင်နိုင်ဖို့ သတိထားပြီး အရှိန်မြှင့် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။
နည်းပြ ဖလစ်အတွက်တော့ ဂါဗီရဲ့ အားစိုက်ကစားမှု၊ ဖိအားပေးမှုနဲ့ ယှဉ်ပြိုင်လိုစိတ်တွေဟာ ဘာစီလိုနာရဲ့ ကွင်းလယ်ကို ပိုပြီး ဟန်ချက်ညီစေမှာမို့ ရာသီရဲ့အဆုံးအဖြတ် အချိန်တွေမှာ သူ့ရဲ့ပြန်လာမှုက တကယ့်ကိုအရေးပါလာနိုင်ပါတယ်။ ဒါပေမဲ့လည်း အခုလောလောဆယ်မှာတော့ အကျိုးသက်ရောက်မှုထက် စိတ်ရှည်သည်းခံပြီး စောင့်ကြည့်ဖို့က ပိုအရေးကြီးပါတယ်။
Source : https://barcauniversal.com




