ဘောလုံးလောကရဲ့ အတောက်ပဆုံးကြယ်ပွင့် ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ချစ်သူ ဂျော်ဂျီနာရိုဒရီဂွက်ဇ်က ရော်နယ်ဒို ယူနိုက်တက်မှထွက်ခွာချိန်မှာ အတော်လေးစိတ်သက်သာရာရခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။
အသက်-၃၀ နှစ်အရွယ် ဂျော်ဂျီနာဟာ ရော်နယ်ဒို ရီးရဲလ်မက်ဒရစ်မှာ ကစားစဉ်ကတည်းက စတင်တွေ့ဆုံခဲ့တာဖြစ်ပြီး သူတို့ ၂ ဦးရဲ့ချစ်သူသက်တမ်းဟာ ၈ နှစ်ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။ နောက်ပိုင်းမှာ ရော်နယ်ဒိုဟာ အီတလီထိပ်သီးကလပ် ဂျူဗင်တပ်စ်သို့ပြောင်းရွှေ့ခဲ့ပြီး ၂၀၂၁ ခုနှစ်မှာတော့ အသင်းဟောင်း မန်ချက်စတာယူနိုက်တက်နဲ့ ပြန်လည်ချိတ်ဆက်ခဲ့ပါတယ်။

ကံမကောင်းစွာနဲ့ပဲ ရော်နယ်ဒိုပြန်လာချိန်မှာတော့ ယူနိုက်တက်ဟာ ရုန်းကန်နေရခဲ့ရပြီး အသင်းဟောင်းနဲ့ကစားသမားဟောင်းတို့နဲ့ ပြန်လည်တွေ့ဆုံမှုဟာ အချိန်ကောင်းမဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ ရော်နယ်ဒိုဟာ ပီးယာ့စ်မော်ဂန်နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ မန်နေဂျာအဲရစ်တန်ဟက်ကိုသာမက အသင်းရဲ့စီမံခန့်ခွဲမှုအခြေအနေတွေကိုပါ ဝေဖန်ပြောဆိုခဲ့ပြီး ယူနိုက်တက်နဲ့ စာချုပ်ဖျက်သိမ်းခဲ့ပါတယ်။
ပေါ်တူဂီလက်ရွေးစင်ကစားသမားအနေနဲ့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ဥရောပ အသင်းတစ်သင်းထံ ထပ်မံပြောင်းရွှေ့မယ်လို့ မျှော်လင့်ခဲ့ကြပေမဲ့ ဆော်ဒီကလပ် အယ်လ်နာဆာက မငြင်းဆန်နိုင်လောက်တဲ့ လစာပမာဏအဖြစ် တစ်နှစ်လုပ်ခ ပေါင် ၁၆၅ သန်းနဲ့ကမ်းလှမ်းခဲ့တာကြောင့် ကစားသမားဟာ အရှေ့အလယ်ပိုင်းဒေသသို့ ပြောင်းရွှေ့အခြေချဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ယခုအခါမှာတော့ ရော်နယ်ဒိုရဲ့ ယူနိုက်တက်မှထွက်ခွာမှုနဲ့ပတ်သက်ပြီး ဂျော်ဂျီနာက “အယ်လ်နာဆာမှာ သွားကစားမဲ့အကြောင့် ခရစ္စတီယာနို ကျွန်မကိုပြောတော့ ကျွန်မ အတော်လေးစိတ်သာရာရခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မ မန်ချက်စတာကနေ အရမ်းထွက်ချင်နေပြီလေ။ ကြီးမားတဲ့ တစ်စုံတစ်ခုက ကျွန်မတို့ကို စောင့်ကြိုနေပြီဆိုတာ သိခဲ့ပြီး စိတ်အားလည်း တက်ကြွခဲ့ပါတယ်။ ဆော်ဒီအာရေဗျကိုလာရတာ အရမ်းပျော်ရွှင်ခဲ့ရပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အကြီးမားဆုံးစာချုပ်ကို ချုပ်ဆိုနိုင်ခဲ့ပေမဲ့ ဂျော်ဂျီနာအတွက်ကတော့ ယဉ်ကျေးမှုမတူညီတဲ့ နိုင်ငံအသစ်ကို မိသားစုလိုက်ပြောင်းရွှေ့ရတာက မလွယ်ကူခဲ့ပါဘူး။
ဆက်လက်ပြီး ဂျော်ဂျီနာက “ဖြစ်သွားတာတွေက အရမ်းမြန်ပါတယ်။ ဆော်ဒီကိုစရောက်တော့ အတက်အကျတွေအများကြီးရှိခဲ့ပါတယ်။ ကျွန်မတို့က ဟော်တယ်မှာ အချိန်အကြာကြီးမနေခဲ့ဖူးဘူးလေ။ ကျွန်မကို ဘယ်သူမှမမြင်စေချင်တဲ့ အချိန်တွေရှိခဲ့ပေမဲ့ ဒီမှာနေရတာ စိတ်လှုပ်ရှားစရာကောင်းခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
Source: talksport.com
#xda77 #xda77digital #ရော်နယ်ဒို #ဂျော်ဂျီနာ #မန်ယူ