တိုက်တန်းနစ်ဖြစ်ရပ်ဆိုးမှ ကပ္ပတိန်၏အိတ်ဆောင်နာရီကို အမေရိကန်ဒေါ်လာ (၂)သန်းနီးပါးဖြင့် ရောင်းချ

တိုက်တန်းနစ်ကပ္ပတိန်၏နာရီကို အမေရိကန်ဒေါ်လာ (၂)သန်းနီးပါးဖြင့် ရောင်းချ

တိုက်တန်းနစ်သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်ခဲ့သော အသက်ရှင်ကျန် ရစ်သူ (၇၀၀) ဦးကို ကယ်ဆယ်ခဲ့သည့်သင်္ဘောကပ္ပတိန်ကို ပေးခဲ့သော အိတ်ကပ်ဆောင် ရွှေနာရီကို လေလံပွဲတစ်ခုတွင် အမေရိကန်ဒေါ်လာ(၂) သန်းနီးပါးဖြင့် ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ရောင်းချနိုင်မှုနှင့်အတူ ယင်းအိတ်ကပ်ဆောင်ရွှေနာရီသည် တိုက်တန်းနစ်သင်္ဘော အပျက်အစီးနှင့်သက်ဆိုင်သော အမှတ်တရပစ္စည်းတစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။ တိုက်တန်း နစ်သင်္ဘောနစ်မြုပ်မှုမှ လွတ်မြောက်လာသူများကို ကယ်ဆယ်ရန်အတွက် ၎င်း၏သင်္ဘောကို လမ်းကြောင်းခဲ့သည့်ကပ္ပတိန် အာသာရော့စ်ရွန်ကို အသက်ရှင်ကျန်ရစ်သူများထဲမှ အမျိုးသမီး (၃) ဦးက (၁၈)ကာရက်Tiffany & Co နာရီကို ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ နာရီကို အမေရိကန်နိုင်ငံမှ ပုဂ္ဂလိကစုဆောင်းသူတစ်ဦးကို အမေရိကန်ဒေါ်လာ (၁ ဒသမ ၉) သန်းကျော်ဖြင့် ရောင်းချခဲ့ခြင်းဖြစ်ပြီး တိုက်တန်းနစ်နှင့်သက်ဆိုင်သည့် အမှတ်တရပစ္စည်းရောင်းချမှုတွင် ပေးချေမှုအများဆုံးဖြစ်ကြောင်း လေလံတင်ရောင်းချခဲ့သည့် Aldridge and Son ကုမ္ပဏီက ပြောကြားခဲ့သည်။

လေလံတင်ရောင်းချသူ အန်ဒရူးအယ်လ်ဒရစ်ချ်က “ယောကျာ်း၊ မိန်းမနဲ့ကလေးတွေတိုင်းမှာ ပြောစရာပုံပြင်တွေရှိကြပါတယ်။ ပြီးတော့ အဲဒီပုံပြင်တွေ ကို ရာစုနှစ်တစ်ခုကျော်အကြာမှာ အမှတ်တရအဖြစ် ပြန်ပြောကြပါတယ်”ဟု ပြောဆိုခဲ့သည်။

အာသာရော့စ်ရွန်သည် တိုက်တန်းနစ်နစ်မြုပ်ခဲ့သည့်ညတွင်လုပ်ခဲ့သော ၎င်း၏လုပ်ရပ်အတွက် သူရဲကောင်းတစ်ဦးအဖြစ် ချီးကျူးခံခဲ့ရပြီး ၎င်း၏အဖွဲ့သားများမှာ ၎င်းတို့၏ရဲစွမ်းသတ္တိရှိမှုအတွက် အသိအမှတ်ပြုခံခဲ့ရကြောင်း သိရသည်။ တိုက်တန်းနစ်သင်္ဘောသည် (၁၉၁၂)ခုနှစ် ဧပြီလ(၁၅)ရက် အစောပိုင်းတွင် ရေခဲကျောက်ဆောင်တစ်ခုနှင့် တိုက်မိခဲ့ပြီးနောက် တဖြည်းဖြည်း နစ်မြုပ်သွားခဲ့ခြင်းဖြစ်သည်။

Source : tresorfx.com

Leave a Reply

Your email address will not be published. Required fields are marked *