ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပြီး ယူနိုက်တက်ဘာကြောင့် ကျရှုံးသွားခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ မက်ဂွါရီ

ယူနိုက်တက်ဘာကြောင့် ကျရှုံးသွားခဲ့သလဲဆိုတာ ရှင်းပြလိုက်တဲ့ မက်ဂွါရီ

မန်ချက်စတာယူနိုက်တက်နောက်ခံလူ ဟယ်ရီမက်ဂွါရီက အသင်းဟာ ဂန္ထဝင်နည်းပြ ဆာအဲလက်စ်ဖာဂူဆန်ထွက်ခွာသွားပြီးနောက်ပိုင်း ဘာကြောင့် အောင်မြင်မှုကို ဆက်လက်မထိန်းသိမ်းနိုင်ဘဲ ကျရှုံးသွားရသလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

မက်ဂွါရီက လက်ရှိယူနိုက်တက်ကြယ်ပွင့်တွေအနေနဲ့ ဖာဂူဆန်ခေတ်ကလို ဖိအားတွေကို အားအဖြစ်အသုံးချပြီး တိုးတက်မှုကိုရှာဖွေဖို့လိုအပ်တယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့သလို၊ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာလည်း တော့တင်ဟမ်ကိုရှုံးနိမ့်ပြီး ဆုဖလားနဲ့လွဲချော်ထားခဲ့တာကြောင့် ယခုရာသီမှာ ဖိအားတွေနဲ့ ဆက်လက်တွေ့ကြုံသွားရဖို့ရှိနေပါတယ်။

၂၀၂၄-၂၅ ရာသီအတွင်း အဲရစ်တန်ဟက်နေရာမှာ အစားထိုးဝင်ရောက်လာခဲ့တဲ့ နည်းပြသစ်ရူဘင်အာမိုရင်အနေနဲ့လည်း အသင်းရဲ့တိုးတက်မှုကို လျင်လျင်မြန်မြန်ပြသဖို့ ရုန်းကန်နေရပြီး ယခုရာသီမှာတော့ တိုက်စစ်ပိုင်း ကစားသမားအင်အားဖြည့်တင်းမှုနဲ့အတူ အသင်းအတွက်ဘာတွေလုပ်ပေးနိုင်မလဲ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

ယခုနွေရာသီအတွင်းယူနိုက်တက်ဟာ ဆာဂျင်မ်ရက်ကလစ်ဖ်ရဲ့ဦးဆောင်မှုနဲ့အတူ မားသီးယက်စ်ကွန်ညာ၊ ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဘင်ဂျမင်ဆက်စ်ကိုတို့ကို ခေါ်ယူပြီး တိုက်စစ်ပိုင်းကိုအင်အားဖြည့်တင်းခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီက ဂိုးရဖို့ ရုးန်ကန်ခဲ့ရမှုတွေကို ဖြေရှင်းပေးနိုင်မယ်လို့ မျှော်လင့်ရပါတယ်။

ယခုအခါမှာ ဝါရင့်နောက်ခံလူ မက်ဂွါရီက “ကျွန်တော်တို့မှာ အပြောင်းအလဲကာလတစ်ခုရှိခဲ့ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်လက်ထက်မှာ အသင်းက အကောင်းဆုံးဖြစ်ခဲ့ပြီး ဆုဖလားတွေအားလုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ တကယ်တမ်းမှာတော့ အဲဒီတုန်းက အသင်းက အကောင်းဆုံးမဟုတ်ခဲ့ပါဘူး။ အဲဒီတုန်းက ကစားသမားတွေက ဖိအားတွေကို အားအင်အဖြစ်အသုံးချပြီး ပိုကောင်းအောင် ကစားနိုင်ခဲ့ကြလို့ပါ။ ဖိအားကိုဂရုမစိုက်ဘဲ ကစားကွင်းထဲမှာ ကစားသလိုမျိုး ကစားနိုင်ဖို့လိုပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကျွန်တော်တို့လိုအပ်နေခဲ့တဲ့အရာက ဒီလိုကစားနိုင်ဖို့ပါပဲ” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး နည်းပြသစ်အာမိုရင်လက်ထက်မှာ အသင်းကိုပုံစံအသစ်နဲ့စတင်ဖို့ ကြိုးစားသွားမဲ့အကြောင်း မက်ဂွါရီက ပြောကြားခဲ့ပါတယ်။ အင်္ဂလန်လက်ရွေးစင်က “ကစားသမားတွေ အရမ်းအလုပ်ကြိုးစားနေတာကြောင့် အသင်းမှာ ခံစားချက်ကောင်းနေပါတယ်။ ကျွန်တော်တို့ အောင်မြင်ချင်ပြီး အောင်မြင်နိုင်ဖို့ လုပ်နိုင်သမျှအရာအားလုံးကို လုပ်ဆောင်သွားပါမယ်။တစ်ခါတလေမှာ ကျွန်တော်တို့ ပရိသတ်တွေကို စိတ်ကျေနပ်မှုမပေးနိုင်တဲ့အခိုက်အတန့်တွေရှိခဲ့တယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ ဒီရာသီမှာတော့ စိတ်သစ်လူသစ်နဲ့ အကောင်းဆုံးစတင်သွားနိုင်ဖို့ မျှော်လင့်ထားပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။

မက်ဂွါရီဟာ ယူနိုက်တက်နဲ့ ၂၀၂၆ ခုနှစ်၊ ဇွန်လအထိသာ စာချုပ်သက်တမ်းကျန်ရှိတော့ဖြစ်ပြီး ဒီရာသီအကုန်မှာ အသင်းနဲ့လမ်းခွဲသွားဖွယ်ရှိပါတယ်။အင်္ဂလန်သားဟာ ယူနိုက်တက်အတွက် စုစုပေါင်း ၂၄၆ ပွဲကစားခဲ့ပြီး ပြိုင်ပွဲစုံဝင်ရောက်ယှဉ်ပြိုင်ခဲ့ကာ အက်ဖ်အေနဲ့ ကာရာဘောင်ဖလားတွေဆွတ်ခူးနိုင်ခဲ့ပါတယ်။

လာမဲ့တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ ၂၀၂၅-၂၆ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် အစဉ်အလာပြိုင်ဘက်အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ မက်ဂွါရီတစ်ယောက် ပွဲထွက်ပါဝင်လာနိုင်မလား စောင့်ကြည့်ရပါမယ်။

Source : https://centredevils.co.uk

Leave a Reply

Your email address will not be published. Required fields are marked *