တောင်ကိုရီးယားနာမည်ကျော် အမျိုးသားအဆိုတော်အဖွဲ့ BTS ၏ အဖွဲ့ဝင်တစ်ဦးဖြစ်သူ J-Hope ၏ နောက်ဆုံးထွက်ရှိထားသော တစ်ကိုယ်တော်သီချင်း Sweet Dreams သည် ကမ္ဘာတစ်ဝှမ်းရှိ iTunes ဇယားများတွင် ထိပ်ဆုံးနေရာမှာ ရပ်တည်နိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါအောင်မြင်မှုက ပြီးခဲ့သည့်လများအတွင်း စစ်မှုထမ်းတာဝန်ကို ပြီးမြောက်ခဲ့သော J-Hope က အောင်မြင်မှုများနှင့်အတူ ပြန်လာပြီဖြစ်ကြောင်းကို သက်သေပြနေသည့်အချက်လည်းဖြစ်သည်။
ပြီးခဲ့သည့်မတ်လ(၇)ရက်တွင် ထွက်ရှိခဲ့သော J-Hope ၏ တစ်ကိုယ်တော်သီချင်း Sweet Dreams ကို အဆိုတော်နှင့် တေးရေးဆရာ Miguel နှင့် ပူးပေါင်းကာ ဖန်တီးထားခြင်းဖြစ်ကြောင်း သိရသည်။ ထွက်ရှိပြီးနောက်မကြာမီ Sweet Dreams သီချင်းသည် ကမ္ဘာတစ်ဝှမ်းနှင့် ဥရော iTunes သီချင်းဇယားများတွင် အဆင့်(၁)နေရာမှာ ရပ်တည်ခဲ့ခြင်းဖြစ်သည်။
ထို့ပြင် J-Hope ၏ နောက်ဆုံးထွက်ရှိထားသော တစ်ကိုယ်တော်သီချင်း Sweet Dreams သည် အာဂျင်တီးနား၊ သြစတြေးလျ၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ ပြင်သစ်၊ အင်ဒိုနီးရှား၊ ဂျပန်၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူ၊ စပိန်၊ တရုတ် (တိုင်ပေ) နှင့် ထိုင်းနိုင်ငံတို့အပါအဝင် ဒေသစုစုပေါင်း(၈၃)ခု၏ iTunes ထိပ်တန်းသီချင်းဇယားများတွင် အဆင့်(၁) နေရာမှာ ရပ်တည်ခဲ့သည်။
လက်ရှိအချိန်တွင် J-Hope သည် ၎င်း၏ တစ်ကိုယ်တော် ကမ္ဘာလှည့်ဖျော်ဖြေပွဲ ‘Hope on the Stage’ ကို ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်းလည်း သိရသည်။
Source : pinkvilla.com