အင်တာမီယာမီနည်းပြ ဂျာဗီယာမာရှေယာနိုက အသင်းရဲ့စူပါစတားတွေဖြစ်တဲ့ တိုက်စစ်မှူးလီယွန်နယ်မက်ဆီနဲ့ နောက်ခံလူဂျော်ဒီအယ်လ်ဘာတို့ဟာ အက်တလက်စ်နဲ့ယှဉ်ပြိုင်သွားရမဲ့ လိဂ်ဖလားအဖွင့်ပွဲမှာ ပါဝင်ကစားနိုင်မယ်လို့ အတည်ပြုပြောကြားလာခဲ့ပါတယ်။
အင်တာမီယာမီဟာ ၂၀၂၃ ခုနှစ် လိဂ်ဖလားကို လီယွန်နယ်မက်ဆီရဲ့အကူအညီနဲ့အတူ ပထမဆုံးအကြိမ်ဆွတ်ခူးထားနိုင်ခဲ့ပြီး ယခုတစ်ခေါက်ပြိုင်ပွဲမှာလည်း နောက်ထပ်တစ်ကြိမ်ဆွတ်ခူးနိုင်ဖို့ ရည်ရွယ်ထားတာဖြစ်ပါတယ်။ အက်တလက်စ်နဲ့ပွဲစဉ်မတိုင်မီမှာတော့ မာရှေယာနိုက မက်ဆီဟာ ပုံမှန်အခြေအနေမှာရှိနေကြောင်းနဲ့ ကစားဖို့အဆင်သင့်ဖြစ်နေကြောင်း ပြောကြားလာခဲ့ပါတယ်။
အာဂျင်တီးနားသားနည်းပြက “မက်ဆီနဲ့ အယ်လ်ဘာတို့က ပါဝင်ကစားနိုင်မှာပါ။ ပွဲတွေဆက်တိုက်ကစားခဲ့ရလို့ မက်ဆီအနေနဲ့ အနားယူဖို့လိုအပ်ခဲ့ပါတယ်။ အနားယူလိုက်တဲ့အတွက် သူအခုတော့ အဆင်ပြေပါတယ်။ ဒီတစ်ခါမှာလည်း နောက်ထပ်ပွဲစဉ်တွေ ဆက်တိုက်ကစားသွားရဦးမှာပါ။ သူဆက်တိုက်ကစားနိုင်ဖို့ မျှော်လင့်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး မာရှေယာနိုက အက်သလက်တီကိုမှ အသင်းသို့စတင်ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားသစ် ရိုဒရီဂိုဒီပေါလ်နဲ့ပတ်သက်ပြီး “ဒီပေါလ်က ကျွန်တော်တို့နဲ့ လေ့ကျင့်ရေးအတူတူမလုပ်ရသေးပါဘူး။ တစ်ယောက်တည်းပဲလုပ်နေရပါတယ်။ ဒါပေမဲ့ အဆင်သင့်ဖြစ်တာနဲ့ အသင်းထဲမှာပါဝင်လာမှာပါ” လို့အသိပေးပြောကြားခဲ့ပါတယ်။
ယခုနှစ်လိဂ်ဖလားကို ဆွတ်ခူးနိုင်ဖို့ရည်ရွယ်ထားကြောင်းကိုလည်း မာရှေယာနိုက “ကျွန်တော်တို့ပြီးခဲ့တဲ့ ကွန်ကာကက်ဖ်ပြိုင်ပွဲနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ပုံစံကောင်းပြသနိုင်ခဲ့ပါတယ်။ ဒါကြောင့် ဒီပြိုင်ပွဲမှာတော့ ဗိုလ်လုပွဲအထိတက်လှမ်းနိုင်ဖို့ မျှော်လင့်ထားပါတယ်။ အသင်းရဲ့ပန်းတိုင်ကတော့ လက်ရှိခြေစွမ်းကို ထိန်းသိမ်းထားဖို့ပါပဲ။ လွယ်ကူမှာတော့မဟုတ်ပါဘူး။ ပုံစံအသစ်နဲ့ကျင်းပသွားမဲ့ လိဂ်ဖလားပြိုင်ပွဲကလည်း အသင်းအတွက် အခွင့်အရေးပိုနည်းစေပါတယ်။ ဒါပေမဲ့ ဒါက စိန်ခေါ်မှုတစ်စိတ်တစ်ပိုင်းပါပဲ” လို့ပြောကြားခဲ့ပါတယ်။
လာမဲ့ကြာသပေတေးနေ့မှာတော့ အင်တာမီယာမီဟာ အိမ်ကွင်းမှာ အက်တလက်စ်နဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ကြံ့ခိုင်မှုပြည့်ဝနေတဲ့ မက်ဆီနဲ့ အယ်လ်ဘာတို့ ပွဲအစကတည်းက ပါဝင်ကစားသွားဖွယ်ရှိပါတယ်။
Source : www.tribalfootball.com