ဘင်ဖီကာအသင်းနည်းပြ မော်ရင်ဟိုက တိုက်စစ်မှူး ဘန်ဇီးမားကို ချိတ်ဆက်နေတယ်ဆိုတဲ့သတင်းတွေကို ပယ်ချလိုက်ပါတယ်။
ဇန်နဝါရီတုန်းက အသက် ၃၇ နှစ်သားဟာ ဆရာဟောင်း မော်ရင်ဟိုနဲ့ သတင်းတွေထွက်ခဲ့ပေမဲ့လည်း အယ်လ်-အီတီဟက်မှာ ပျော်နေတယ်လို့ ကစားသမားကိုယ်တိုင်က အခိုင်အမာပြောကြားခဲ့ပြီးနောက် အပြောင်းအရွှေ့သတင်းတွေက တိတ်ဆိတ်သွားခဲ့တာဖြစ်ပါတယ်။ ၂၀၂၃ ရီးရဲလ်ကနေထွက်ခွာပြီးကတည်းက ဘန်ဇီးမားဟာ အယ်လ်-အီတီဟက်မှာ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ၆၄ ပွဲမှာ ၄၁ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။
ဒီရာသီသစ်မှာလည်း ဘန်ဇီးမားတစ်ယောက် စွမ်းဆောင်ရည်ကောင်းတွေဆက်လက်ပြသနေပြီး အယ်လ်-အိုဒေါ့ဒ်အသင်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပါတယ်။ ကြွက်သားဒဏ်ရာကြောင့် အနားယူနေရပေမဲ့ အယ်လ်-အီတီဟက်နည်းပြ ဘလန့်စ်က ဘန်ဇီးမားဟာ လာမဲ့ အယ်လ်နာဆာနဲ့ပွဲမှာ ပြန်လည်ပါဝင်လာမယ်လို့ အတည်ပြုခဲ့ပါတယ်။ ဘန်ဇီးမားဟာ အသင်းကိုဦးဆောင်နေပြီး ဘလန့်စ်ကလည်း သူ့တပည်ဖြစ်သူရဲ့တည်ငြိမ်မှု နဲ့ အရေးပါမှုကို ထောက်ပြခဲ့ပါတယ်။
ကစားသမားဘက်က ဆရာဟောင်းနဲ့ ပြန်လည်ပေါင်းဆုံချင်နေပေမဲ့ အခုချိန်မှာတော့ အပြီးသတ်ခဲ့ပြီဖြစ်ပါတယ်။ ဘင်ဖီကာအသင်းနည်းပြဖြစ်လာပြီးနောက် မော်ရင်ဟိုက သတင်းစာရှင်းပွဲမှာ “အဲ့တာက သူ့နာမည်ကို ကျွန်တော်ပထမဆုံးကြားရတာပါ။ ကျွန်တော်တို့ သူ့အသင်းနဲ့ ခြေစမ်းပွဲကစားခဲ့သလို ကျွန်တော်တို့ စကားအနည်းငယ်ပြောဖြစ်ပါတယ်။ ဥရောပဘောလုံးရပ်ဝန်းကိုပြန်လာဖို့ဆိုတာက နောက်ဆုံးအရာပါ။ သူက အဲ့မှာပျော်နေသလို ဆုဖလားတွေလည်း ရနေပါတယ်။ ပြီးတော့ ငွေကြေးပိုင်းအရလည်း အဆင်ပြေနေပါတယ်။
ဥရောပရဲ့ထိပ်တန်းအဆင့်အနေအထားရှိနေချိန် ဆော်ဒီမြေကိုထွက်ခွာခဲ့တာက ဒီကိုပြန်လာဖို့လို့ ကျွန်တော်မထင်ပါဘူး။ တကယ်လို့ လူငယ်တွေအသင်းပြောင်းခဲ့တယ်ဆိုရင်တော့ ၂ နှစ် ဒါမှမဟုတ် ၃ နှစ်အပြီးမှာ ဥရောပမြေကိုပြန်လာနိုင်ချေရှိပါတယ်။ မှန်ပါတယ်။ ကီရင်လိုကစားသမားမျိုးအတွက်တော့ နိုးလို့ပြောနိုင်ပါတယ်”လို့ ဖြေကြားခဲ့ပါတယ်။ ပေါ်တူဂီသားဟာ ၂၀၁၀ ကနေ ၂၀၁၃ အထိ ဘန်ဇီးမားနဲ့ လက်တွဲခဲ့တာဖြစ်ပြီး အကောင်းဆုံးတိုက်စစ်မှူးတစ်ဦးအဖြစ် ပုံစံပြောင်းပေးနိုင်ခဲ့ပါတယ်။
မော်ရင်ဟိုလက်အောက်မှာ ဘန်ဇီးမားဟာ ၁၅၀ ပွဲမှာ ၇၈ ဂိုးအထိသွင်းယူနိုင်ခဲ့သလို လာလီဂါ နဲ့ ကိုပါဒယ်ရေးဖလားတို့ရယူနိုင်ခဲ့ပါတယ်။
သမိုင်းကြောင်းအနေအထားကြောင့် မော်ရင်ဟို နဲ့ ဘန်ဇီးမားတို့ ပြန်လည်ပေါင်းဆုံနိုင်ချေရှိနေတယ်လို့ သတင်းတွေကြီးခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်း အခုချိန်မှာ မော်ရင်ဟိုက ပယ်ချလိုက်တာကြောင့် အဆိုပါသတင်းတွေလည်း အဆုံးသတ်ခဲ့ပြီဖြစ်ပါတယ်။ မော်ရင်ဟိုဟာ ဘင်ဖီကာအသင်းနဲ့အတူ ၁ ပွဲနိုင် ၊ ၁ ပွဲသရေရယူထားနိုင်ခဲ့ပြီး အသင်းအနေနဲ့ အပြောင်းအရွှေ့ထက် စွမ်းဆောင်ရည်ကိုသာ အာရုံစိုက်နေတယ်လို့ ပြောကြားလိုက်ပါတယ်။ လာမဲ့စက်တင်ဘာ ၃၀ ရက်နေ့မှာ မော်ရင်ဟိုဟာ ချန်ပီယံလိဂ်ပွဲအဖြစ် အသင်းဟောင်း ချဲလ်ဆီး နဲ့ ပြန်လည်ရင်ဆိုင်ရမှာဖြစ်ပါတယ်။
Source : goal.com