ကလပ်ကမ္ဘာ့ဖလားပွဲစဉ်ကို အမ်ဘာပေလွဲချော်မယ်လို့ အတည်ပြုခဲ့တဲ့ အလွန်ဆို

အမ်ဘာပေ

အစာအိမ်ရောဂါဝေဒနာကြောင့် ဆေးရုံတက်ကုသခဲ့တဲ့ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အခုအချိန်အထိ ပါဝင်ကစားနိုင်ခြင်း မရှိသေးပါဘူး။ ကလပ်ကမ္ဘာ့ဖလားဒုတိယမြောက်အုပ်စုပွဲစဉ်အဖြစ် ပါချူကာနဲ့ရင်ဆိုင်ရချိန်မတိုင်ခင် တစ်ရက်အလိုမှာ ရီးရဲလ်မက်ဒရစ်နည်းပြအလွန်ဆိုက ဒီပွဲစဉ်ကို အမ်ဘာပေလွဲချော်လိမ့်မယ်လို့ အတည်ပြုခဲ့ပါတယ်။ ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးက အခုပွဲစဉ်အတွက် အသင်းလူစာရင်းမှာလည်း မပါဝင်လာခဲ့ပါဘူး။

အချို့သတင်းတွေမှာတော့ ရီးရဲလ်မက်ဒရစ်ရဲ့အုပ်စုအဆင့်ပွဲစဉ်အားလုံးကို အမ်ဘာပေ လွဲချော်လိမ့်မယ်လို့ ဖော်ပြခဲ့ပါတယ်။ DAZN သတင်းဌာနနဲ့တွေ့ဆုံချိန် အလွန်ဆိုက “အမ်ဘာပေတော့ အနည်းငယ်သက်သာလာပါပြီ။ သူက ဆေးရုံဆင်းပြီး ဟိုတယ်ဆီ ပြန်ရောက်လာခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ တနင်္ဂနွေနေ့ပွဲစဉ်ကိုတော့ အမ်ဘာပေ မကစားနိုင်သေးဘူးလို့ပဲ ထင်ပါတယ်။ ဆဲလ်ဘတ်နဲ့ပွဲစဉ်မှာတော့ သူပြန်လည်ကစားပေးနိုင်ဖို့ ကျွန်တော်တို့ မျှော်လင့်ထားပါတယ်”လို့ ပြောပါတယ်။

ဒါကြောင့် လာမဲ့ကြာသပတေးနေ့၊ ဆဲလ်ဘတ်နဲ့ပွဲစဉ်မှာ အမ်ဘာပေပြန်ကစားနိုင်ဖို့အတွက် အလွန်ဆို မျှော်လင့်နေတယ်ဆိုတာ သေချာသွားပါတယ်။ လတ်တလောမှာတော့ ရီးရဲလ်မက်ဒရစ်က ပါချူကာနဲ့ပွဲစဉ်မှာ အနိုင်သုံးမှတ်အပြည့်ရယူပြီး ရှုံးထွက်အဆင့်တက်ရောက်နိုင်ရေးရည်မှန်းချက်ဆီ အင်အားဖြည့်တင်းသွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *