ဘောလုံးကွင်းပြင်ပမှာ သာမန်လူငယ်တစ်ယောက်လိုပဲ အေးအေးဆေးဆေး ဖြတ်သန်းချင်တဲ့ လာမိုင်းယာမယ်လ်

သာမန်လူငယ်တစ်ယောက်လိုပဲ ဖြတ်သန်းချင်တဲ့ လာမိုင်းယာမယ်လ်

ဘာစီလိုနာအသင်းရဲ့ လူငယ်ကြယ်ပွင့်ကစားသမားလေး လာမိုင်းယာမယ်လ် (Lamine Yamal) က သူဟာ ဘောလုံးလောကရဲ့ ကြယ်ပွင့်တစ်ဦး ဖြစ်နေပေမဲ့ ကွင်းပြင်ပမှာတော့ သာမန် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ ဘဝမျိုးကိုပဲ ရိုးရိုးရှင်းရှင်း ဖြတ်သန်းချင်တယ်လို့ ပွင့်ပွင့်လင်းလင်း ဝန်ခံပြောကြားလိုက်ပါတယ်။

xda သာမန်လူငယ်တစ်ယောက်လိုပဲ ဖြတ်သန်းချင်တဲ့ လာမိုင်းယာမယ်လ်

ဘောလုံးဝေဖန်သူတွေနဲ့ ပရိသတ်အတော်များများဟာ ယာမယ်လ်ရဲ့ ကွင်းပြင်ပ နေထိုင်မှုပုံစံနဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုအပေါ် မေးခွန်းထုတ်မှုတွေ ရှိနေခဲ့ကြပေမဲ့ စပိန်ကြယ်ပွင့်လေးကတော့ ESPN နဲ့ အင်တာဗျူးမှာ အခုလို ပြန်လည်ဖြေရှင်းခဲ့ပါတယ်။ “ကျွန်တော်က တခြား အသက် ၁၈ နှစ်အရွယ် လူငယ်တွေ လုပ်လေ့ရှိတဲ့ အလုပ်တွေကိုပဲ လုပ်တာပါ။ သူငယ်ချင်းတွေနဲ့ အချိန်ဖြုန်းတယ်၊ ညီလေးကို ကြည့်ပေးတယ်၊ ဗီဒီယိုဂိမ်းဆော့တယ်၊ ပြီးတော့ လမ်းလျှောက်ထွက်တယ်… ဒီလိုမျိုး သာမန်ကိစ္စလေးတွေပါပဲ” လို့ သူက ဆိုပါတယ်။

ယာမယ်လ်ရဲ့ အမြင်အရ မီဒီယာတွေရဲ့ အလွန်အကျွံ အာရုံစိုက်မှုတွေကြားမှာ စိတ်ဖိစီးမှုကင်းဝေးပြီး အေးအေးဆေးဆေး နေထိုင်နိုင်ဖို့က အဓိကသော့ချက် ဖြစ်ပါတယ်။ သူက ဆက်လက်ပြီး “ကျွန်တော်က သူငယ်ချင်းတွေနဲ့အတူရှိနေပြီး ကိုယ့်ဘဝကိုပဲ အေးအေးဆေးဆေး ဖြတ်သန်းဖို့ ကြိုးစားပါတယ်။ ဘောလုံးတစ်ခုတည်းအပေါ်မှာပဲ အမြဲတမ်း အာရုံစိုက်မနေမိအောင်၊ ပွဲစဉ်တွေအကြောင်းပဲ စိတ်မရောက်နေအောင် ဒါမှမဟုတ် ကိုယ်ရင်ဆိုင်ရမယ့် နောက်ခံလူရဲ့ ဗီဒီယိုတွေကို ထိုင်ကြည့်မနေမိအောင် သတိထားပါတယ်။ အဲဒါမျိုးတွေ ဘာမှမလုပ်ပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

“တစ်နေ့တာလုံးကို ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ ကြိုးစားပါတယ်။ ကွင်းထဲမှာ ရှိနေချိန်မှာတော့ အစွမ်းကုန် ကြိုးစားပေမဲ့ ကွင်းထဲက ထွက်လာပြီဆိုရင်တော့ ဘောလုံးနဲ့ ပတ်သက်တာတွေကို ခေါင်းထဲကနေ တတ်နိုင်သမျှ ထုတ်ထားလိုက်ချင်တာပါပဲ” လို့ ယာမယ်လ်က သူ့ရဲ့ စိတ်နေစိတ်ထားကို ရှင်းပြပါတယ်။

အကယ်၍ သူသာ ဘယ်သူမှမသိတဲ့ သာမန်လူတစ်ယောက် ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လိုမျိုး ဖြတ်သန်းချင်သလဲဆိုတဲ့ အိမ်မက်ထဲက တစ်နေ့တာနဲ့ ပတ်သက်ပြီးတော့လည်း “အရင်ဆုံး လေဟာပြင် ဝရန်တာတစ်ခုခုမှာ မနက်စာ သွားစားမယ်။ မွန်းလွဲပိုင်းမှာတော့ ပန်းခြံတစ်ခုခု၊ ဥပမာ – ရိုကာဖွန်ဒါ အားကစားစင်တာလို နေရာမျိုးမှာ ဘောလုံးသွားကစားမယ်။ ပြီးရင်တော့ သူငယ်ချင်းတွေနဲ့အတူ စက်ဘီးဖြစ်ဖြစ်၊ စကူတာဖြစ်ဖြစ် စီးပြီး လျှောက်သွားမယ်။ ဒါတွေက သာမန်ကိစ္စလေးတွေပါပဲ” လို့ ရိုးရိုးသားသား ဖြေကြားခဲ့ပါတယ်။

Source : https://barcauniversal.com/

Leave a Reply

Your email address will not be published. Required fields are marked *