One Direction အဖွဲ့ဝင်ဟောင်း လိုင်ယန်ပိန်းပါဝင်သည့် သီချင်းအသစ်ထွက်ရှိလာမည့်ရက် ရွှေ့ဆိုင်း

One Direction အဖွဲ့ဝင်ဟောင်း လိုင်ယန်ပိန်း

ယခုလအစောပိုင်းတွင် အာဂျင်တီးနားနိုင်ငံ ဘူရီနိုအေးရိစ်မြို့ရှိ ဟိုတယ်တစ်ခုပေါ်မှပြုတ်ကျကာသေဆုံးသွားခဲ့သော One Direction အဖွဲ့ဝင်ဟောင်း လိုင်ယန်ပိန်းပါဝင်သည့် သီချင်းအသစ်ထွက်ရှိလာမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပူးပေါင်းဆောင်ရွက်သူတစ်ဦးက အောက်တိုဘာလ(၂၉)ရက်တွင် ထုတ်ပြန်ပြောကြားခဲ့သည်။

Do No Wrong သီချင်းကို နိုဝင်ဘာလ(၁)ရက်တွင် ထုတ်လွှင့်မည်ဟု အမေရိကန်အဆိုတော်နှင့် တေးရေးဆရာဆမ်ပေါင်စ်က အစောပိုင်းတွင် ထုတ်ပြန်ပြောကြားခဲ့သည်။ သို့သော်လည်း အောက်တိုဘာလ(၂၈)ရက်နှောင်းပိုင်းတွင် ဆမ်ပေါင်စ်က Do No Wrong သီချင်း ထွက်ရှိလာမည့်ရက်ကို ရွှေ့ဆိုင်းလိုက်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။

ဆမ်ပေါင်စ်က “ကျွန်တော်တို့အားလုံးက ဒီသီချင်းကိုနှစ်သက်ကြမှာဆိုတာ သေချာပေမဲ့ ထုတ်လွှင့်ဖို့ အချိန်မကျသေးပါဘူး။ ကျွန်တော်တို့အားလုံး လိုင်ယန်ပိန်းသေဆုံးမှုအတွက် ဝမ်းနည်းပူးဆွေးနေကြဆဲဖြစ်ပါတယ်။ ဒါကြောင့်မလို့ ကျွန်တော်တို့အားလုံး စောင့်ဆိုင်းသင့်ပါတယ်”ဟု ပြောဆိုခဲ့သည်။

လိုင်ယန်ပိန်းသည် ပြီးခဲ့သည့်အောက်တိုဘာလ(၁၆)ရက်တွင် ဘူရီနိုအေးရိစ်မြို့ရှိ ဟိုတယ်တစ်ခု၏ သုံးလွှာမှ ပြုတ်ကျကာသေဆုံးခဲ့ခြင်းဖြစ်သည်။ အသက်(၃၁)နှစ်အရွယ် လိုင်ယန်ပိန်းသေဆုံးမှုနှင့်အတူ ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များကြားတွင် ကြီးမားသောဝမ်းနည်းပူဆွေးမှုများကို ဖြစ်ပေါ်စေခဲ့ကြောင်းလည်း သိရသည်။

ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ပရိသတ်များသည် လိုင်ယန်ပိန်းသေဆုံးမှုအတွက် ဝမ်းနည်းပူဆွေးမှုပွဲများကို လုပ်ဆောင်ခဲ့ကြကြောင်းလည်း သိရသည်။ Liam Payne သည် One Direction အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်သည့် Niall Horan ၏ဖျော်ဖြေပွဲကိုတက်ရောက်ရန်အတွက် Buenos Aires မြို့ကိုရောက်ရှိနေစဉ်အချိန်အတွင်း ယခုလိုသေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက ရေးသားဖော်ပြခဲ့သည်။

အမေရိကန်အဆိုတော်ချာလီပွတ်က “ကျွန်တော် တကယ်ကို တုန်လှုပ်သွားတာပါ။ Liam Payne က ကျွန်တော့်အပေါ် အမြဲတမ်းကြင်ကြင်နာနာနဲ့ ဆက်ဆံခဲ့တာပါ။ သူက ကျွန်တော်ပထမဆုံးလက်တွဲလုပ်ခဲ့ဖူးတဲ့ အဓိကအနုပညာရှင်တွေထဲက တစ်ဦးပါ။ Liam Payne သေဆုံးသွားပြီဆိုတာကို ကျွန်တော်တကယ်မယုံနိုင်သေးပါဘူး”ဟု ရေးသားဖော်ပြခဲ့သည်။

Source :  jpost.com

#xda77 #xda77digital #လိုင်ယန်ပိန်း #OneDirection #DoNoWrong

Leave a Reply

Your email address will not be published. Required fields are marked *