ယူနိုက်တက်ကို ပြောင်းလာပြီးနောက် ဆက်စ်ကို ရုန်းကန်နေရတယ်လို့ အာမိုရင်ဝန်ခံ

ဆက်စ်ကို ရုန်းကန်နေရတယ်လို့ အာမိုရင်ဝန်ခံ

ယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က တိုက်စစ်မှူး ဘင်ဂျမင်ဆက်စ်ကိုဟာ ပြီးခဲ့တဲ့နွေရာသီမှာ လိုက်ပ်ဇစ်ကနေ ပြောင်းရွှေ့လာခဲ့ပြီးနောက် အထိုင်ကျဖို့ရုန်းကန်နေရတာကို လက်ခံကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။

၂၂နှစ်အရွယ် ဆလိုဗေးနီးယားကစားသမားဟာ ပေါင် ၇၃.၇ သန်း နဲ့ ပြောင်းရွှေ့လာပြီးနောက် ၁၁ ပွဲမှာ နှစ်ဂိုးပဲ သွင်းယူနိုင်ပါသေးတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ ခြေစွမ်းဆိုးရွားခဲ့ပြီးနောက် ယူနိုက်တက်ခံစစ်မှူးဟောင်း ဂယ်ရီနဗီးလ် ရဲ့ ဝေဖန်မှုနဲ့လည်း ရင်ဆိုင်ရပါတယ်။
တော့တင်ဟမ် နဲ့ ပရီးမီးယားလိဂ်ပွဲမတိုင်ခင် အာမိုရင်က ဆက်စ်ကိုဟာ အိုးထရက်ဖို့ဒ်က ဖိအားတွေနဲ့ အသားကျဖို့ ကြိုးစားနေတုန်းပဲဆိုတာကို သူ လက်ခံတယ်လို့ ပြောပါတယ်။

အာမိုရင်က “ဟုတ်ပါတယ်၊ ဒီလိုစကားမျိုး ဘယ်သူမှ ကြားချင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ သူ နည်းနည်း ခက်ခဲနေခဲ့တယ် ဆိုတာ အမှန်ပဲ။ ဒါက ပုဂ္ဂိုလ်ရေးအရ ပြောတာ မဟုတ်ပါဘူး။ သုံးပတ်အတွင်း ပြောင်းလဲသွားနိုင်တဲ့ ထင်မြင်ချက်တစ်ခုပါပဲ။ ကျွန်တော်တို့ သူ့ကို ကူညီသွားမှာပါ၊ ဘာလို့လဲဆိုတော့ သူအရမ်းကြိုးစားတဲ့သူ ဖြစ်လို့ပါ။ သူအောင်မြင်လာမှာပါ”လို့ ပြောခဲ့ပါတယ်။

လိုက်ပ်ဇစ်အတွက် ၈၇ ပွဲမှာ ၃၉ ဂိုး သွင်းယူခဲ့ပြီး ဥရောပရဲ့ အလားအလာအရှိဆုံး လူငယ်တိုက်စစ်မှူးတွေထဲက တစ်ဦးအဖြစ် ဆက်စ်ကိုဟာ အင်္ဂလန်ကို ရောက်လာခဲ့တာပါ။
အာမိုရင်က ယူနိုက်တက်လို အသင်းမျိုးမှာ ကစားဖို့ဆိုတာ တိုးတက်ဆဲ ကစားသမားတစ်ယောက်အတွက် လွယ်တဲ့ကိစ္စ မဟုတ်ဘူးလို့ မှတ်ချက်ပြုခဲ့ပါတယ်။

ဆက်လက်ပြီး အာမိုရင်က”သူ့မှာ ဒီနေရာမှာ အတွေ့အကြုံ မရှိသေးဘူးလေ။ အားလုံးက သူ့ကို နောက်ထပ် အကြီးဆုံး ကစားသမားဖြစ်လာမယ် လို့ ပြောနေကြတဲ့အခါ ခက်ပါတယ်ဗျာ။ ကိုယ်က အပတ်တိုင်းခြေစွမ်းမပြနိုင်ဘူးဆိုရင် ဂန္ထဝင်ကစားသမားတွေ၊ ပညာရှင်တွေနဲ့ မီဒီယာတွေဆီက စကားတွေကိုကြားရမှာပဲ။ တစ်ခါတလေ သူတို့ပြောတာမှန်ပေမဲ့ လူငယ်လေးတစ်ယောက်အတွက်တော့ ခက်ခဲပါတယ်”လို့ ရှင်းပြခဲ့ပါတယ်။

Source : https://www.espn.com

Leave a Reply

Your email address will not be published. Required fields are marked *