အသင်းအတွက် အပြည့်အဝမပေးဆပ်တဲ့ကစားသမားတွေကို ဖော်ထုတ်ဖို့ နည်းပညာသစ်တစ်ခု စတင်အသုံးပြု

မန်ယူနည်းပြ ရူဘင်အာမိုရင်

မန်ချက်စတာယူနိုက်တက်ဟာ အသင်းအတွက် အပြည့်အဝပေးဆပ်ခြင်းမရှိဘဲ ခိုကပ်နေတဲ့ကစားသမားတွေကို ဖော်ထုတ်နိုင်ဖို့နဲ့ ကစားသမားတွေကို ဒဏ်ရာပြဿနာမှကာကွယ်ပေးနိုင်ဖို့ နည်းပညာသစ်တစ်ခုကို စတင်အသုံးပြုတော့မယ်လို့သိရပါတယ်။

Daily Telegraph သတင်းဌာနရဲ့အဆိုအရ နည်းပြရူဘင်အာမိုရင်အနေနဲ့ ပြီးခဲ့တဲ့ရာသီကလို ကျရှုံးမှုမျိုးနဲ့ ထပ်မံမကြုံတွေ့စေဖို့ လုပ်နိုင်သမျှ နည်းလမ်းပေါင်းစုံနဲ့ အသင်းကိုပိုကောင်းအောင်တည်ဆောက်လိုနေတယ်လို့သိရပါတယ်။ ယခုအခါမှာတော့ အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ real-time kinematics ဆိုတဲ့စစ်စတမ်တစ်ခုကို စတင်အသုံးပြုတော့မှာဖြစ်ပြီး ကစားသမားတစ်ဦးချင်းစီရဲ့ လေ့ကျင့်ရေးအစီအစဉ်တွေနဲ့ ပွဲတစ်ပွဲအတွင်း ဘယ်လောက်အထိ အလုပ်လုပ်တယ်ဆိုတာကို တိတိကျကျဖော်ထုတ်သွားမှာဖြစ်ပါတယ်။

STATSports’ Apex 2.0 GPS လို့အမည်ရတဲ့ အဆိုပါခြေရာခံစက်ဟာ အသင်းရဲ့ ဘယ်ကစားသမားက အလုပ်ကြိုးစားနေတယ်၊ ဘယ်ကစားသမားက ခိုကပ်နေတယ်ဆိုတာကို ပြသသွားမှာဖြစ်ပြီး ကစားသမားတစ်ဦးချင်းစီရဲ့ ပြေးနှုန်းတွေကိုလည်း ဖော်ထုတ်ပေးနိုင်တယ်လို့သိရပါတယ်။ အဆိုပါ ကစားသမားတွေရဲ့ လုပ်အားနှုန်းအချက်အလက်တွေကိုတော့ အာမိုရင်အပါအဝင် ယူနိုက်တက်နည်းပြအဖွဲ့ဝင်တွေက မိုဘိုင်းဖုန်းတွေမှတစ်ဆင့် စောင့်ကြည့်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် အဆိုပါနည်းပညာရဲ့အကူအညီနဲ့အတူ ယူနိုက်တက်ဟာ ကစားသမားတွေကို ဒဏ်ရာပြဿနာဖြစ်ပွားစေမှုကနေလည်း အကာအကွယ်ပေးနိုင်တယ်လို့သိရပါတယ်။ real-time kinematics စစ်စတမ်ဟာ ကစားသမားတွေရဲ့ ပြေးနှုန်းကို တိတိကျကျဖော်ထုတ်နိုင်တာကြောင့် ဘယ်ကစားသမားက လုပ်နိုင်စွမ်းထက်ကျော်လွန်ပြီး လုပ်ဆောင်နေတယ်ဆိုတာကို အချက်ပြပေးနိုင်ပါတယ်။ ဒါကြောင့် အာမိုရင်အနေနဲ့ ကစားသမားတွေပွဲမပန်းစေဖို့နဲ့ မလိုအပ်တဲ့စွန့်စားမှုတွေမပြုလုပ်စေဖို့ စောင့်ကြည့် ထိန်းချုပ်ခွင့်ရရှိသွားမှာဖြစ်ပါတယ်။

လာမဲ့တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ နောက်ဆုံးရာသီကြိုခြေစမ်းပွဲစဉ်အဖြစ် အီတလီစီးရီးအေကလပ် ဖီအိုရင်တီးနားကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အပြီး ပရီးမီးယားလိဂ်အဖွင့်ပွဲမှာတော့ အာဆင်နယ်နဲ့ ထိပ်တိုက်တွေ့ဆုံသွားပါမယ်။

Source : www.goal.com

Leave a Reply

Your email address will not be published. Required fields are marked *