‘ရက်ကလစ်ဖ်’ကိုဆန္ဒပြမဲ့အစီအစဉ်အား ယူနိုက်တက်ပရိသတ်များရွှေ့ဆိုင်း

ရက်ကလစ်ဖ်ကိုဆန္ဒပြမဲ့အစီအစဉ်

မန်ချက်စတာယူနိုက်တက်ပရိသတ်တွေဟာ ဩဂုတ်လ ၁၇ ရက်နေ့ အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားမဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အသင်းရဲ့ရှယ်ယာရှင် ဆာဂျင်မ်ရက်ကလစ်ဖ်ကို ကန့်ကွက်ဆန္ဒပြဖို့ စီစဉ်ထားခဲ့ပေမဲ့ ပရိသတ်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေကြောင့် ဆန္ဒပြပွဲကို ရွှေ့ဆိုင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။

၁၉၅၈ လို့အမည်ပေးထားတဲ့ အဆိုပါပရိသတ်အုပ်စုဟာ ရှယ်ယာရှင် ရက်ကလစ်ဖ်နဲ့ INEOS အဖွဲ့အစည်းရဲ့ လုပ်ဆောင်မှုတွေအ‌ပေါ် မကျေမနပ်ဖြစ်နေကြပြီး ယခုရာသီအစမှာပဲ ဆန္ဒပြပွဲတွေပြုလုပ်ဖို့ စီစဉ်ထားကြတာဖြစ်ပါတယ်။ သို့သော်လည်း ယခုအခါမှာတော့ ပရိသတ်တွေရဲ့ သဘောထားကို ပြန်လည်ဆန်းစစ်ကြည့်ရာမှာ ကွဲလွဲမှုတွေရှိနေကြောင်း တွေ့ရှိခဲ့ရတာကြောင့် ဆန္ဒပြပွဲကိုဦးဆောင်သူတွေက ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဆိုရှယ်မီဒီယာမှတစ်ဆင့် ၁၉၅၈ အဖွဲ့က “ပရိသတ်တွေအကြား လေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့ပြီးနောက်မှာတော့ အာဆင်နယ်နဲ့ပွဲမှာ ဆန္ဒပြမဲ့အစီအစဉ်ကို ကျွန်တော်တို့ ရွှေ့ဆိုင်းထားပါတယ်။ ကျွန်တော်တို့အတွက် အရေးကြီးဆုံးက ပရိသတ်တွေရဲ့ဆန္ဒပါပဲ။ ကလပ်နဲ့ ကလပ်ပိုင်ရှင်တွေရဲ့ လုပ်ဆောင်ချက်တွေကို စောင့်ကြည့်သွားပါမယ်။ ကျွန်တော်တို့ကတော့ ယူနိုက်တက်ရဲ့အနာဂတ်ကိုကာကွယ်ဖို့၊ လူငယ်တွေရဲ့အနာဂတ်တွေကို ပုံဖော်ပေးနိုင်ဖို့၊ ပရိသတ်တွေရဲ့ အမွေအနှစ်ကိုထိန်းသိမ်းဖို့ ကလပ်ကို တာဝန်ယူမှုနဲ့ လေးစားမှုရှိတဲ့ ကလပ်အဖြစ် ပုံဖော်ဖို့ ကြိုးစားသွားမှာပါ”

ရက်ကလစ်ဖ်ကိုဆန္ဒပြမဲ့အစီအစဉ်

“ကျွန်တော်တို့အမြဲတမ်း ဒီအချက်တွေကိုပဲ ဦးစားပေးလုပ်ဆောင်ခဲ့တာကြောင့် ဒီကိစ္စတွေနဲ့ပတ်သက်ပြီး တောင်းပန်မှုတစ်စုံတစ်ရာပြုလုပ်သွားမှာမဟုတ်ပါဘူး။ အခုလို ဆန္ဒပြလှုပ်ရှားမှုတွေရဲ့ ကောင်းကျိုး ဆိုးကျိုးတွေကိုလည်း ကျွန်တော်တို့ဂရုတစိုက် ဆန်းစစ်သွားမှာဖြစ်ပြီး အသင်းအပေါ် ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာတွေပါ တိုင်းတာသွားမှာပါ။ လက်ရှိအချိန်မှာတော့ အသင်းပိုင်ရှင်တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေအကြား သဘောထားကွဲလွဲမှုတွေရှိနေတာကြောင့် ပရိသတ်အချင်းချင်း နှစ်ခြမ်းမကွဲစေဖို့ အစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပါတယ်” လို့ထုတ်ပြန်ခဲ့ပါတယ်။

အဆိုပါ ၁၉၅၈ အဖွဲ့ဟာ ပရိသတ် ၂ သောင်း ၆ ထောင်ကို လေ့လာဆန်းစစ်မှုတွေပြုလုပ်ခဲ့တာဖြစ်ပြီး ပရိသတ် ၆၈ ရာခိုင်နှုန်းက ရက်ကလစ်ဖ်နဲ့ INEOS ကို လာမဲ့ခရစ္စမတ်ကာလ သို့မဟုတ် တစ်ရာသီအထိ ဆက်လက်စောင့်ကြည့်ဖို့ ဆန္ဒပြုခဲ့ကြတယ်လို့သိရပါတယ်။ အခုလို ၆၈ ရာခိုင်နှုန်းအထိ ရက်ကလစ်ဖ်ကိုစောင့်ကြည့်ဖို့ ဆုံးဖြတ်ခဲ့ကြခြင်းမှာ မကြာသေးမီက ကလပ်ရဲ့လေ့ကျင့်ရေးကွင်း ကာရင်တန်ကို ပြန်လည်ပြုပြင်ပေးခဲ့ခြင်းနဲ့ ဘင်ဂျမင်ဆက်စ်ကိုကို ပေါင် ၇၄ သန်းနဲ့ ဝယ်ယူပေးခဲ့ခြင်းတွေကြောင့် ဖြစ်နိုင်တယ်လို့ ယူဆရပါတယ်။

ပရိသတ်တွေအနေနဲ့ ရက်ကလစ်ဖ်ရဲ့လုပ်ဆောင်ချက်တွေအပေါ် စောင့်ကြည့်ဖို့ဆုံးဖြတ်ထားကြပေမဲ့ အဓိကပိုင်ရှင်တွေဖြစ်တဲ့ ဂလေဇာမိသားစုအပေါ်မှာတော့ ယခင်အတိုင်း မကျေနပ်ချက်တွေရှိနေဆဲဖြစ်တယ်လို့သိရပါတယ်။ ရက်ကလစ်ဖ်ဟာ ယူနိုက်တက်ကို လွန်ခဲ့တဲ့ ၁၈ လကမှ စတင်ရင်းနှီးမြှုပ်နှံခဲ့တာဖြစ်ပေမဲ့ ၁ နှစ်ကျော်ကာလအတွင်း ပရိသတ်ဆန္ဒနဲ့ဆန့်ကျင်တဲ့ဆုံးဖြတ်ချက်အများအပြားကို ချမှတ်ထားခဲ့တာဖြစ်ပါတယ်။

လာမဲ့အာဆင်နယ်နဲ့ပွဲစဉ်မှာတော့ ယူနိုက်တက်အနေနဲ့ တိုက်စစ်ပိုင်းအင်အားဖြည့်တင်းမှုတွေနဲ့အတူ နည်းပြ ရူဘင်အာမိုရင်အတွက် အိုးလ်ထရက်ဖို့ဒ်မှာ နိုင်ပွဲရရှိအောင် စွမ်းဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။

Source : https://uk.sports.yahoo.com

Leave a Reply

Your email address will not be published. Required fields are marked *