ရက်ရှ်ဖို့ဒ်ကို လာလီဂါဖွင့်ပွဲအမီ ကစားသမားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ မသေချာကြောင်း ဘာစီလိုနာဥက္ကဋ္ဌဝန်ခံ

ရက်ရှ်ဖို့ဒ်

ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌ ဂျိုအန်လာပေါ်တာက အသင်းအနေနဲ့ မန်ချက်စတာယူနိုက်တက်မှ အငှားစာချုပ်နဲ့ခေါ်ယူထားခဲ့တဲ့ တောင်ပံကစားသမားသစ် မားကပ်စ်ရက်ရှ်ဖို့ဒ်အတွက် မာယော့ကာနဲ့ယှဉ်ပြိုင်သွားရမဲ့ လာလီဂါဖွင့်ပွဲအမီ ကစားသမားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ မသေချာကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။

လာပေါ်တာအနေနဲ့ ရက်ရှ်ဖို့ဒ်ကို မာယော့ကာနဲ့ပွဲစဉ်အမီ လာလီဂါမှာ ကစားသမားမှတ်ပုံတင်ပြုလုပ်ပေးနိုင်ခြင်းမရှိသေးပေမဲ့ ဂိုးသမားသစ် ဂျိုအန်ဂါစီယာကိုတော့ အသင်းခေါင်းဆောင်မာ့ခ်တာစတီဂန်ရဲ့ အကူအညီနဲ့ မှတ်ပုံတင်ပြုလုပ်ပေးနိုင်ခဲ့ပြီဖြစ်ပါတယ်။ လာလီဂါရဲ့ ဘဏ္ဍာရေးစည်းမျဉ်းတွေအရ ဘာစီလိုနာဟာ ကစားသမားသစ်တွေအတွက် မှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ အသင်းရဲ့ကစားသမားတွေကို လစာငွေလျှော့ယူခိုင်းသွားဖို့လိုအပ်နေတာဖြစ်ပြီး ယခုအခါမှာ ဘာစီလိုနာက ဂိုးသမားတာစတီဂန်တစ်ယောက် ကာလရှည်အနားယူရမယ်ဆိုတဲ့ ဆေးစစ်ချက်နဲ့ လာလီဂါကိုတင်ပြထားခဲ့တာဖြစ်ပါတယ်။

မကြာသေးမီက တာစတီဂန်ဟာ အသင်းကစီစဉ်ထားတဲ့ ဆေးစစ်ချက်မှာ လက်မှတ်ရေးထိုးခဲ့တာကြောင့် ဘာစီလိုနာအနေနဲ့ ဂိုးသမားသစ် ဂါစီယာကို မှတ်ပုံတင်ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။ ဘာစီလိုနာဟာ ကစားသမားသစ်တွေအားလုံးကို မှတ်ပုံတင်ပြုလုပ်ပေးနိုင်ဖို့ ဩဂုတ်လအကုန်အထိသာ အချိန်ရတာကြောင့် ရက်ရှ်ဖို့ဒ်အနေနဲ့ လကုန်တဲ့အချိန်အထိ စောင့်ကြည့်သွားရဖို့ရှိနေပါတယ်။

ယခုအခါမှာ လာပေါ်တာက “ကျွန်တော်တို့ ကစားသမားမှတ်ပုံတင်တွေပြုလုပ်ပေးနိုင်ဖို့ ကြိုးစားနေပါတယ်။ တာစတီဂန်ရဲ့ဆုံးဖြတ်ချက်နဲ့အတူ ကျွန်တော်တို့ ဂျိုအန်ဂါစီယာကိုတော့ မှတ်ပုံတင်ပြုလုပ်ပေးနိုင်ခဲ့ပါပြီ။ ဒါကြောင့် ကျန်တဲ့ကစားသမားတွေကိုလည်း အေးအေးဆေးဆေးပဲ လုပ်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒီတစ်ပတ်အတွင်းမှာ သတင်းကောင်းတွေကြားရမှာပါ။ လာလီဂါအဖွင့်ပွဲအမီ မပြုလုပ်နိုင်ဘူးဆိုရင်တောင် ကျွန်တော်တို့မှာ အချိန်တွေရှိပါသေးတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး လာပေါ်တာက တာစတီဂန်ကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ သူက “ကျွန်တော်တို့ ရှေ့ဆက်သွားပါမယ်။ တာစတီဂန်က ကျွန်တော်တို့ရဲ့အသင်းခေါင်းဆောင်ပါ။ အသင်းမှာ အမြဲတမ်း ကြိုးစားနေတဲ့ကစားသမားတစ်ယောက်ပါ။ သူဒီမှာ ၁၂ ရာသီကြာတဲ့အထိနေထိုင်ခဲ့ပြီး ချန်ပီယံလိဂ်အပါအဝင် ဆုဖလားတွေအများကြီးသိမ်းပိုက်ဖို့ ကူညီပေးခဲ့ပါတယ်။ သူ့ကိုအသင်းခေါင်းဆောင်ရာထူးပေးထားရတာ ကျွန်တော်အရမ်းဝမ်းသာပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာဟာ လာလီဂါအဖွင့်ပွဲစဉ်အဖြစ် ဩဂုတ်လ ၁၆ ရက်နေ့မှာ မာယော့ကာနဲ့ စတင်ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်အမီ ရက်ရှ်ဖို့ဒ်အပါအဝင် ကစားသမားသစ်တွေကို မှတ်ပုံတင်ပြုလုပ်ပေးသွားနိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။

Source : goal.com

Leave a Reply

Your email address will not be published. Required fields are marked *