တောင်ကိုရီးယားမင်းသားပက်ခ်ဆန်းဟွမ်ဟာ ဒရာမာသစ် “The Tyrant’s Chef” ခေါင်းဆောင်မင်းသား ကာရိုက်တာမှ နှုတ်ထွက်သွားခဲ့ပါတယ်။

၂၀၂၄ ခုနှစ် ဒီဇင်ဘာလ အစောပိုင်းက ပက်ခ်ဆန်းဟွမ်ဟာ မင်းသမီး ယွန်းအေနဲ့အတူ ဒရာမာသစ် “The Tyrant’s Chef” မှာ အမျိုးသားဇာတ်ဆောင်အဖြစ် ပါဝင်သရုပ်ဆောင်ဖို့ ကမ်းလှမ်းမှုကို လက်ခံရရှိထားခဲ့ပါတယ်။
ဒါပေမဲ့ ပက်ခ်ဆန်းဟွမ်ဟာ သူပါဝင်တဲ့ “Squid Game” Season 2 ဒရာမာရဲ့ပိုစတာကို ဂျပန်လူကြီးကား ပိုစတာနဲ့ မှားယွင်းပြီး Instagram Story မှာ တင်ခဲ့ပါတယ်။ အဲဒီ story ကို ချက်ချင်းပြန်ဖျက်ခဲ့ပေမဲ့ လက်မြန်တဲ့ အင်တာနက်သုံးစွဲသူတွေကြောင့် ဝေဖန်ခံနေရပြီး သူ့ရဲ့နောက်ထပ်ရိုက်ကူးမဲ့ ဇာတ်ကား “The Tyrant’s Chef” အပေါ် ရိုက်ခတ်မှုတွေ ရှိလာခဲ့ပါတယ်။
ပက်ခ်ဆန်းဟွမ်ရဲ့အေဂျင်စီ BH Entertainment က ဒါဟာ မတော်တဆ မှားယွင်းတင်ခဲ့မိခြင်းဖြစ်တယ်ဆိုတာကို ရှင်းလင်းပြောကြားခဲ့ပေမဲ့ ပက်ခ်ဆန်းဟွမ်ကို “The Tyrant’s Chef” ကာရိုက်တာမှ နှုတ်ထွက်ဖို့ တောင်းဆိုမှု တွေ မြင့်မားလာခဲ့ပါတယ်။
ဒါကြောင့် ဇန်နဝါရီလ ၁၂ ရက်မှာတော့ “The Tyrant’s Chef” ဒရာမာရုပ်ရှင်ထုတ်လုပ်ရေးကုမ္ပဏီ Studio Dragon က ထုတ်လုပ်ရေးအဖွဲ့နဲ့ ပက်ခ်ဆန်းဟွမ်ရဲ့ကိုယ်စားလှယ်တွေကြား ဆွေးနွေးမှုများစွာပြုလုပ်ပြီးနောက် သူ့အနေနဲ့ ဒီပရောဂျက်မှာ ပါဝင်ဖို့ ခက်ခဲမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ကျွန်တော်တို့ရဲ့ဆွေးနွေးမှုတွေကြောင့် ပက်ခ်ဆန်းဟို ဟာ ထုတ်လုပ်ရေးအဖွဲ့နဲ့ နှုတ်ဆက်ခွဲခွာဖို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
အဲဒီဇာတ်ကားအတွက် သရုပ်ဆောင်ရွေးချယ်ဖို့နဲ့ ဇာတ်ညွှန်းဖတ် အချိန်ဇယားကိုတော့ မဆုံးဖြတ်ရသေးဘူးလို့ Studio Dragon က ထပ်လောင်းပြောကြားခဲ့ပါတယ်။ ပက်ခ်ဆန်းဟွမ်ဟာ “Squid Game” Season 2 မှာ ပါဝင်ခဲ့တဲ့ သူ့ကာရိုက်တာကြောင့် ပရိသတ်များစွာ သတိထားမိနေသူ ဖြစ်ပါတယ်။
Source : koreatimes.co.kr