ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှားဖြစ်တယ်လို့ အူဘာမီယန်းဝန်ခံ

အူဘာမီယန်း-ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှား

အာဆင်နယ်တိုက်စစ်မှူးဟောင်း ပီယဲ-အမ်မရစ်အူဘာမီယန်းက ပရီးမီးယားလိဂ်ပြိုင်ဘက် ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့တာဟာ ကြီးမားတဲ့အမှားဖြစ်ကြောင်း ဝန်ခံလိုက်ပါတယ်။

အူဘာမီယန်းဟာ အာဆင်နယ်အတွက် ၁၆၃ ပွဲမှာ ၉၂ ဂိုးသွင်းယူခဲ့ပေမဲ့ ဘာစီလိုနာမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် ၂၀၂၂ ခုနှစ်မှာ ချဲလ်ဆီးကို ပြောင်းရွှေ့ခဲ့ပါတယ်။
ဒါပေမဲ့ ဂါဘွန်တိုက်စစ်မှူးဟာ လန်ဒန်ကလပ်ကနေမထွက်ခွာခင် ၁၅ ပွဲမှာ တစ်ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။
အူဘာမီယန်းက လက်ရှိမှာတော့ မာဆေးလ်အသင်းမှာ ကစားနေပါတယ်။
အာဆင်နယ်ပရိသတ် Troopz ရဲ့ YouTube မှာ အူဘာမီယန်းက “အဲဒီကိုသွားခဲ့တာ ကြီးမားတဲ့အမှားပဲ။ အဲ့ဒါဟာ တကယ့်ကို ကြီးမားတဲ့အမှားတစ်ခုပဲ”လို့ ပြောကြားခဲ့ပါတယ်။
အပြောင်းအရွှေ့အကြောင်း ရှင်းပြရာမှာ အူဘာမီယန်းက “အဲဒီတုန်းက ကျွန်တော် ဘာစီလိုနာမှာ အခက်အခဲတွေရှိခဲ့တယ်။ အိမ်ဖောက်ထွင်းခံခဲ့ရတယ်။ ဘာစီလိုနာက ကစားသမားတစ်ဦးကို ရောင်းထုတ်ဖို့လိုနေတယ်။ ကျွန်တော် ဒါမှမဟုတ် မန်ဖစ် ဒီပေပဲ။ ရွေးချယ်စရာတစ်ခုတည်းက ချဲလ်ဆီးပဲရှိတယ်။
ဒါကြောင့် ‘အိုကေ၊ ကျွန်တော့်မိသားစုအတွက် ချဲလ်ဆီးဖြစ်နေရင်တောင် ပြောင်းမယ်’ လို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။
အိုလီဗီယာဂျီရော့ဒ်က အာဆင်နယ်ကနေ ချဲလ်ဆီးကိုသွားခဲ့ပြီး ပြဿနာမရှိခဲ့ဘူး၊ ဒါကြောင့် အဆင်ပြေမယ်လို့ ကျွန်တော်ထင်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်အတွက်တော့ အခြေအနေတွေက မတူညီခဲ့ဘူး။”လို့ ပြောပြခဲ့ပါတယ်။

Source : https://www.espn.co.uk

Leave a Reply

Your email address will not be published. Required fields are marked *