ချဲလ်ဆီးရဲ့ကစားသမားအရောင်းစာရင်းထဲမှာ ပါဝင်လာတဲ့ ရာဟင်းမ်စတာလင်

ချဲလ်ဆီး - စတာလင် xda77

ချဲလ်ဆီးတောင်ပံကစားသမား ရာဟင်းမ်စတာလင်ဟာ ယခုနွေရာသီအတွင်း အသင်းမှရောင်းချသွားမဲ့ ကစားသမား ၉ ယောက်စာရင်းထဲမှာ ပါဝင်လာခဲ့တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ရာသီက စတာလင်ဟာ ပြိုင်ဘက်ကလပ် အာဆင်နယ်သို့ အငှားစာချုပ်နဲ့ထွက်ခွာခဲ့ပေမဲ့ ခြေစွမ်းပြဖို့ရုန်းကန်ခဲ့ရတာကြောင့် ရာသီကုန်မှာ စတန်းဖို့ဒ်ဘရစ်ချ်သို့ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ယခုအခါမှာတော့ ချဲလ်ဆီးဟာ စတာလင်ကို အသင်းမှာဆက်လက်ထားရှိဖို့ စိတ်မကူးသလို၊ နောက်ထပ်တစ်ကြိမ်အငှားချဖို့လည်း ဆန္ဒမရှိတာကြောင့် အရောင်းစာရင်းထဲမှာ ထည့်သွင်းလာခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာ ၂၀၂၅-၂၆ ရာသီအတွက် အသင်းရဲ့ကစားသမား ၃၁ ဦးပါလူစာရင်းကို ကလပ်ရဲ့ တရားဝင်ဝက်ဘ်ဆိုက်မှတစ်ဆင့် ထုတ်ပြန်ကြေညာလာခဲ့ပြီး အဆိုပါလူစာရင်းမှာ စတာလင်ပါဝင်ခဲ့ခြင်းမရှိပါဘူး။ အဆိုပါလူစာရင်းထဲမှာ ချဲလ်ဆီးဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမှ ခေါ်ယူဖို့သဘောတူညီမှုရရှိထားတဲ့ အေဂျက်စ်နောက်ခံလူ ဂျော်ရဲလ်ဟာတိုကိုတော့ ထည့်သွင်းထားခဲ့တာဖြစ်ပါတယ်။

ယခုနွေရာသီအတွင်း ချဲလ်ဆီးမှရောင်းချသွားမဲ့ ကစားသမားစာရင်းထဲမှာ ရာဟင်းမ်စတာလင်၊ ဘန်ချီဝဲလ်၊ အိတ်ဇယ်ဒီဆာဆီ၊ ရီနာတိုဗီဂါ၊ အယ်လ်ဖီဂယ်လ်ခရစ်၊ ကာနေးချူကွေမီကာ၊ လက်စ်လေယူဂိုချူကူ၊ အာမန်ဒိုဘရိုဂျာနဲ့ ဒေးဗစ်ဒတ်ထရိုဖိုဖာနာတို့ ပါဝင်နေတယ်လို့သိရပါတယ်။ စတာလင်အနေနဲ့ ယခုနွေရာသီမှာ ချဲလ်ဆီးနဲ့အပြီးသတ်လမ်းခွဲသွားဖွယ်ရှိပြီး အင်္ဂလန်သားကို နာပိုလီ၊ ဖူလ်ဟမ်နဲ့ လေဗာကူဆင်တို့က ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

ချဲလ်ဆီးရဲ့အရောင်းစာရင်းထဲမှာ တိုက်စစ်မှူး ခရစ္စတိုဖာအန်ကွန်ကူမပါဝင်ပေမဲ့ နည်းပြအန်ဇိုမာရက်စ်ကာအနေနဲ့ ပြင်သစ်သားကို အသုံးပြုဖို့မသေချာတာကြောင့် ကစားသမားဟာ ရောင်းချခံရဖို့ အလားအလာရှိနေဆဲဖြစ်ပါတယ်။ ယခုနှစ်ကလပ်ကမ္ဘာ့ဖလားကို ဆွတ်ခူးထားနိုင်တဲ့ချဲလ်ဆီးဟာ လာမဲ့ ဩဂုတ်လ ၁၇ ရက်နေ့မှာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မတိုင်မီမှာတော့ လေဗာကူဆင်၊ အေစီမီလန်တို့နဲ့ ရာသီကြိုခြေစမ်းပွဲစဉ် ၂ ပွဲကစားသွားရဦးမှာဖြစ်ပါတယ်။

Source : www.goal.com

Leave a Reply

Your email address will not be published. Required fields are marked *