ကနေဒါနိုင်ငံက အသက်(၅၉)နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ အချိန်တစ်နာရီအတွင်း (၁၅၇၅) ကြိမ်အထိ ဒိုက်ထိုးပြနိုင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ပါတယ်။ အဆိုပါ ဒိုက် အကြိမ်ရေအများဆုံးထိုးပြတဲ့ဂင်းနစ်စံချိန်ဟာ ယင်းအဘွားအိုရဲ့ ဒုတိယမြောက်ဂင်းနစ်စံချိန်ဖြစ်လည်း ဖြစ်ပါတယ်။
အယ်လ်ဘာတာပြည်နယ် ဘီဇာမြို့မှာနေထိုင်တဲ့ ဒေါ်နာဂျင်းဝိုင်းဆိုတဲ့ အမျိုးသမီးက အချိန်တစ်နာရီအတွင်း ဒိုက်အကြိမ်ရေအများဆုံး ထိုးပြတဲ့အမျိုးသမီး ဂင်းနစ်စံချိန်ကို ရယူနိုင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒေါ်နာဂျင်းဝိုင်းက အချိန်တစ်နာရီအတွင်း ဒိုက်အကြိမ်ရေ (၁၅၇၅)ကြိမ်အထိ ထိုးပြခဲ့ပြီးနောက် ယခင်စံချိန်(၁၂၀၇)ကြိမ်ကို ကျော်တက်သွားကာ ယခုကဲ့သို့ ဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ဖြစ်ပါတယ်။
ဒေါ်နာဂျင်းဝိုင်းက “ ပျော်ရွှင်နေတဲ့မျက်ရည်တွေ၊ စိတ်ခံစားချက်တွေနဲ့အတူ အကောင်းဆုံး ကြိုးစားခဲ့တာပါ။ အခက်အခဲတွေရှိခဲ့ပေမဲ့လည်း အရာအားလုံးကို ကောင်းမွန်စွာကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒီလိုမျိုး ဒိုက်အကြိမ်ရေအများဆုံးထိုးပြတဲ့ ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့အတွက်လည်း တကယ်ကိုဝမ်းသာမိပါတယ်” ဟုပြောဆိုခဲ့ပါတယ်။
ထို့ပြင် ဒေါ်နာဂျင်းဝိုင်းက အချိန်(၄)နာရီ(၃)မိနစ်နှင့် (၁၁)စက္ကန့်အထိ plank ထောက်ပြခဲ့ပြီးနောက် အချိန်အကြာဆုံး plank ထောက်ပြတဲ့ အမျိုးသမီး ဂင်းနစ်စံချိန်ကို ချိုးဖျက်ထားသူလည်း ဖြစ်ပါတယ်။ အချိန်အကြာဆုံး plank ထောက်ပြသည့် ဂင်းနစ်စံချိန်ကို ချိုးဖျက်နိုင်မှုနဲ့အတူ ဒိုက်အကြိမ်ရေအများဆုံးထိုးပြတဲ့ဂင်းနစ်စံချိန်ကို ချိုးဖျက်ရန်အတွက် ထပ်မံကြိုးပမ်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါ်နာဂျင်းဝိုင်းက ပြောကြားခဲ့ပါတယ်။
ဒေါ်နာဂျင်းဝိုင်းရဲ့ ဒိုက်အကြိမ်ရေအများဆုံးထိုးပြတဲ့ ဂင်းနစ်စံချိန်ကိုချိုးဖျက်ရန်ကြိုးပမ်းမှုကို သူ့ရဲ့မြေး(၁၂)ဦးအနက် (၁၁) ဦးက လာရောက် ကြည့်ရှုအားပေးခဲ့ကြပါတယ်။
Source : maltadaily.mt
#ကမ္ဘာ့ဂင်းနစ်စံချိန် #ဒိုက်အကြိမ်ရေအများဆုံး #ကနေဒါနိုင်ငံ