ယခုနွေရာသီအတွင်း မန်စီးတီးသို့စတင်ရောက်ရှိလာခဲ့တဲ့ ကွင်းလယ်လူ တီဂျာနီရိန်ဒါစ်က သူ့အနေနဲ့ အေစီမီလန်ကိုချစ်ခင်ပေမဲ့ မန်စီးတီးသို့ပြောင်းရွှေ့ဖို့အတွက် လွယ်လွယ်ကူကူပဲ ဆုံးဖြတ်ချက်ချခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။
ရိန်ဒါစ်ဟာ မကြာသေးမီကမှ အေစီမီလန်နဲ့ ၂၀၃၀ ခုနှစ်အထိ စာချုပ်သစ်ချုပ်ဆိုထားခဲ့တာဖြစ်ပေမဲ့ အသင်းက ဥရောပဝင်ခွင့်မရခဲ့တာကြောင့် ထွက်ခွာဖို့သာဆုံးဖြတ်ခဲ့ပြီး မန်စီးတီးနဲ့ ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ သတင်းတွေအရ မန်စီးတီးဟာ ကစားသမားအတွက် ယူရို ၅၅ သန်း+အပိုဆုကြေး ယူရိုသန်း ၂၀ နဲ့ခေါ်ယူခဲ့တယ်လို့ သိရပါတယ်။
ရိန်ဒါစ်က “မန်စီးတီးက သူတို့က နံပါတ် ၈ ကစားသမားလိုအပ်နေကြောင်း ကျွန်တော့်အဖေကို ချိတ်ဆက်ခဲ့ပါတယ်။ ကျွန်တော့်အတွက်တော့ မန်စီးတီးလို ကမ္ဘာ့အကြီးကျယ်ဆုံးကလပ်တစ်ခုကို ပြောင်းရွှေ့ဖို့က ခက်ခဲတဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ မန်စီးတီးနဲ့လက်တွဲဖို့ လွယ်လွယ်ကူကူပဲဆုံးဖြတ်ခဲ့ပါတယ်။ အေစီမီလန်က ကျွန်တော့်နှလုံးသားထဲမှာ အမြဲတမ်းရှိနေမှာပါ။ ကျွန်တော်မီလန်မှာ ၂ နှစ်ကြာနေထိုင်ခဲ့ပြီး လူကောင်းတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်”
“ဒါပေမဲ့ ဘောလုံးရှုထောင့်ကနေကြည့်မယ်ဆိုရင် ကျွန်တော်ဘယ်အသင်းကမဆို ထွက်သင့်ရင် ထွက်ရမှာပါပဲ။ ကျွန်တော်ရည်မှန်းထားတဲ့ ရည်မှန်းချက်တွေကို ဒီမှာဆိုရင် ပိုပြီးတော့ လျင်လျင်မြန်မြန်အကောင်အထည်ဖော်နိုင်မယ်လို့ ထင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ယခုအခါမှာတော့ ရိန်ဒါစ်ဟာ ကလပ်ကမ္ဘာဖလားဝင်ရောက်ယှဉ်ပြိုင်ဖို့အတွက် အမေရိကန်သို့ရောက်ရှိနေပြီဖြစ်ပါတယ်။ ဆက်လက်ပြီး ကွင်းလယ်လူက “ဒီပြိုင်ပွဲက ကျွန်တော့်အတွက် ကြီးမားတဲ့ပြိုင်ပွဲပါ။ ပက်ဂွါဒီယိုလာလိုကမ္ဘာ့အကောင်းဆုံးနည်းပြဆီမှာ သင်ယူခွင့်ရတဲ့အတွက်လည်း ဝမ်းသာပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ရာသီမှာ ရိန်ဒါစ်ဟာ အေစီမီလန်အတွက် ပြိုင်ပွဲစုံ ၅၄ ပွဲကစားခဲ့ပြီး ၁၅ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၅ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။ ယခုအခါမှာတော့ ကစားသမားအနေနဲ့ မန်စီးတီးနဲ့အတူ တူညီတဲ့ခြေစွမ်းကောင်းတွေ ဆက်လက်ပြသသွားနိုင်မလား စောင့်ကြည့်ရပါမယ်။ အေစီမီလန်အနေနဲ့လည်း ရိန်ဒါစ်ကို အေဇက်အယ်လ်ခမာမှ ယူရိုသန်း ၂၀ နဲ့သာခေါ်ယူခဲ့တာကြောင့် ယခုအပြောင်းအရွှေ့ဟာအသင်းအတွက် အလွန်အမြတ်ရစေခဲ့ပါတယ်။
Source : https://football-italia.net/