ဘာစီလိုနာအတွက် အမြဲတမ်းကစားပေးချင်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဗန်ပါစီ

ဘာစီလိုနာအတွက် အမြဲတမ်းကစားပေးချင်ခဲ့ကြောင်း ဖွင့်ဟလာတဲ့ ဗန်ပါစီ

နယ်သာလန်ကလပ် ဖီယင်နုကိုကိုင်တွယ်နေတဲ့ အာဆင်နယ်နဲ့ မန်ချက်စတာယူနိုက်တက်တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီက သူဟာ ကစားသမားဘဝတုန်းက ဘာစီလိုနာမှာကစားခွင့်ရဖို့ အမြဲတမ်းအိပ်မက်မက်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

တစ်ချိန်က ကမ္ဘာ့ဘောလုံးလောကမှာ လျှမ်းလျှမ်းတောက်အောင်မြင်ခဲ့တဲ့ ဗန်ပါစီဟာ လက်ရှိအချိန်မှာတော့ ဖီယင်နုကိုကိုင်တွယ်နေပြီး နည်းပြတစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။ နယ်သာလန်တိုက်စစ်မှူးဟောင်းဟာ ၂၀၁၄ ခုနှစ်၊ ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ စပိန်ဘက်ကိုသွင်းယူခဲ့တဲ့ဂိုးကြောင့် လက်ရွေးစင်အသင်းမှာလည်း ကျော်ကြားခဲ့သူဖြစ်ပါတယ်။

ထိုစဉ်က နယ်သာလန်ဟာ ဗန်ပါစီ၊ ရော်ဘင်တို့ရဲ့ဂိုးတွေနဲ့ စပိန်ကို ၅-၁ နဲ့အနိုင်ရခဲ့ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ တတိယဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ယခုအခါမှာ ဗန်ပါစီဟာ လက်ရှိဘောလုံးလောကရဲ့အကျော်အမော်တွေဖြစ်တဲ့ လေဗာကူဆင်နည်းပြအဲရစ်တန်ဟက်၊ မာဆေးလ်နဲ့ရိုးမားကြယ်ပွင့်ဟောင်း ကီဗင်စထရုမန်းတို့နဲ့ တွေ့ဆုံပြီး သူဟာ ဘာစီလိုနာကစားသမားဘဝကို လိုချင်ခဲ့ကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။

နယ်သာလန်သားက “ကျွန်တော် ဘာစီလိုနာအတွက် အမြဲတမ်းကစားပေးချင်ခဲ့ပါတယ်။ ၂၀၁၅ တုန်းက ကျွန်တော် ဖီနာဘာချီမှာကစားနေတုန်း ကျွန်တော့်ရဲ့အေးဂျင့်က ဘာစီလိုနာကိုပြောင်းဖို့ ဆွေးနွေးမှုတွေပြုလုပ်နေကြောင်းပြောပါတယ်။ ကျွန်တော့်အနေနဲ့ အရမ်းပျော်ခဲ့ပြီး ဘာစီလိုနာကိုသွားမယ်လို့ ဆုံးဖြတ်ခဲ့တာပါ”

“ဒါပေမဲ့ မကြာခင်မှာပဲ အေးဂျင့်က ဘာစီလိုနာကိုပြောင်းဖို့ မဖြစ်နိုင်တော့ကြောင်း ပြန်ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် တော်တော်လေးစိတ်ပျက်ခဲ့ပါတယ်။ ကျွန်တော် တကယ်ပဲဘာစီလိုနာကို အမြဲတမ်းသွားချင်နေခဲ့တာပါ” လို့ပြောကြားခဲ့ပါတယ်။

၂၀၁၅ ခုနှစ်အတွင်း ဘာစီလိုနာဟာ ဗန်ပါစီကိုခေါ်ယူဖို့ တကယ်ပဲကြိုးစားခဲ့ပါတယ်။ ထိုစဉ်က ဘာစီလိုနာကိုကိုင်တွယ်နေတဲ့ လူးဝစ်အင်းနရစ်ဟာ မက်ဆီ၊ ဆွာရက်ဇ်၊ နေမာတို့ကို အသုံးပြုခွင့်ရထားပေမဲ့ တိုက်စစ်မှူးတစ်ယောက်ကို ထပ်မံအင်အားဖြည့်တင်းလိုခဲ့တာဖြစ်ပါတယ်။ အင်းနရစ်က အဆိုပါနေရာအတွက် အပြီးပြည်စုံဆုံးကစားသမားက ဗန်ပါစီဖြစ်တယ်လို့ပြောကြားခဲ့ပေမဲ့ ဖီနာဘာချီက ကစားသမားရဲ့တန်ကြေးကိုမြှင့်တင်ခဲ့သလို၊ ဘာစီလိုနာအနေနဲ့ ဗန်ပါစီရဲ့လစာကိုပေးချေနိုင်ခြင်းမရှိလို့ အပြောင်းအရွှေ့ကို ဖျက်သိမ်းခဲ့ရတာဖြစ်ပါတယ်။

လအနည်းငယ်အကြာမှာ ဘာစီလိုနာဟာ ဗန်ပါစီနဲ့ပုံစံတူတဲ့ ဗလန်စီယာတိုက်စစ်မှူး ပါကိုအယ်လ်ကာဆာကိုခေါ်ယူခဲ့ပါတယ်။ ဗန်ပါစီအစား ဘာစီလိုနာသို့ရောက်ရှိလာခဲ့တဲ့ အယ်လ်ကာဆာဟာ နူးကမ့်မှာ နေထိုင်ခဲ့တဲ့ ၂ နှစ်အတွင်း စုစုပေါင်း ပွဲ ၅၀ ကစားကာ ၁၅ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၈ ကြိမ်ပြုလုပ်နိုင်ခဲ့ပါတယ်။

Source : https://barcauniversal.com/

Leave a Reply

Your email address will not be published. Required fields are marked *