စီရော်နယ်ဒိုက ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကို ပေါ်တူဂီအသင်းနဲ့အတူ ပါဝင်ယှဉ်ပြိုင်မဲ့ သူ့ရဲ့နိုင်ငံတကာအဆင့်နောက်ဆုံးမေဂျာပြိုင်ပွဲကြီးဖြစ်လာမယ်လို့ အတည်ပြုပေးခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုငါးခုအပြင် အသင်းလိုက်ဆုဖလားများစွာဆွတ်ခူးရရှိထားတဲ့ အသက်-၄၀ နှစ်အရွယ် စီရော်နယ်ဒိုက လာမဲ့ တစ်နှစ်(သို့မဟုတ်)နှစ်နှစ်အတွင်း ဘောလုံးကစားခြင်းကို စွန့်လွှတ်တော့မယ်လို့ အတည်ပြုပေးခဲ့ပါတယ်။
ဒါ့အပြင် စီရော်နယ်ဒိုက သူ့ရဲ့ထင်ရှားကျော်ကြားလှတဲ့ကစားသမားဘဝမှာ ၉၅၃ ဂိုးအထိ သွင်းယူထားနိုင်လို့ ကစားသမားဘဝအနားမယူခင် ဂိုး ၁၀၀၀ ပြည့်မြောက်အောင် စွမ်းဆောင်သွားချင်တယ်လို့ ဆိုပါတယ်။ ပေါ်တူဂီအသင်းက လာမဲ့ကြာသပတေးနေ့၊ အိုင်ယာလန်အသင်းကို အနိုင်ရရှိမယ်ဆိုရင် ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ပါလိမ့်မယ်။ ဒါကြောင့် လာမဲ့နွေရာသီပြိုင်ပွဲက သရဲနီကြယ်ပွင့်ဟောင်းရဲ့စံချိန်တင်ခြောက်ကြိမ်မြောက်နဲ့ နောက်ဆုံးအကြိမ်ကမ္ဘာ့ဖလားပါဝင်ယှဉ်ပြိုင်မှု ဖြစ်လာပါမယ်။
Tourise World Tourism Summit အတွင်း ဘယ်တော့အနားယူမလဲဆိုတဲ့မေးခွန်းကို စီရော်နယ်ဒိုက “မကြာခင်လို့ပဲ ပြောရပါလိမ့်မယ်။ အတိတ်ဆီပြန်သွားပြီး ကျွန်တော်ပြောချင်တဲ့အရာက အခုအချိန်မှာ ကျွန်တော်အရမ်းပျော်ရွှင်နေတယ်ဆိုတာပါပဲ။ ဘောလုံးလောကမှာ အသက်အရွယ်တစ်ခုရရှိလာချိန် အချိန်တွေကို လျှင်လျှင်မြန်မြန်ရေတွက်လာတတ်တယ်ဆိုတာကို သိပါတယ်။ ဒါကြောင့် လက်ရှိအခိုက်အတန့်ကတော့ အချိန်ကောင်းပါပဲ။
အရင်တုန်းက ကျွန်တော်ပြောခဲ့ဖူးသလိုပါပဲ၊ အခုအချိန်မှာ ကျွန်တော် အရမ်းကောင်းနေတယ်လို့ ခံစားမိပါတယ်။ ဂိုးတွေ သွင်းယူနိုင်သလို မြန်ဆန်သွက်လက်ထက်မြက်နေဆဲပါပဲ။ နိုင်ငံ့လက်ရွေးစင်အသင်းမှာရော၊ အယ်လ်နာဆာမှာပါ ပါဝင်ကစားနေရတာကို ကြိုက်ပါတယ်။ ဒါပေမဲ့ အရိုးသားဆုံးပြောရရင် လာမဲ့တစ်နှစ်၊ နှစ်နှစ်လောက်အထိ ကျွန်တော် ဘောလုံးကစားနေဦးမယ်လို့ပဲ ပြောချင်ပါတယ်”လို့ တုံ့ပြန်ခဲ့ပါတယ်။
Source : https://www.mykhel.com




