ရှုံးပွဲကြုံတွေ့ခဲ့ပေမဲ့ ချဲလ်ဆီးအသင်းစွမ်းဆောင်ရည်ပိုင်းအပေါ် ကျေနပ်အားရနေတဲ့ ရိုစီနီယာ

ချဲလ်ဆီးအသင်းစွမ်းဆောင်ရည်ပိုင်းအပေါ် ကျေနပ်အားရနေတဲ့ ရိုစီနီယာ

ချဲလ်ဆီးနည်းပြဘဝ၊ အဖွင့်ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ပေမဲ့ ရိုစီနီယာကတော့ တစ်ဦးချင်းစွမ်းဆောင်ရည်ပိုင်းအပေါ် မီးမောင်းထိုးကာ သူ့အသင်းရဲ့စွမ်းဆောင်ရည်အတွက် ကျေနပ်အားရနေပါတယ်။ ဒီနေ့မနက်ပိုင်း၊ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်(ပထမအကျော့)ပွဲစဉ်အဖြစ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ချဲလ်ဆီးက အာဆင်နယ်ကိုဧည့်ခံကစားရချိန် ၂-၃ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။

ရိုစီနီယာက “ကျွန်တော်တို့အတွက် အကြီးမားဆုံးပြဿနာဟာ ဖျားနာမှု၊ ဒဏ်ရာရရှိမှုတွေ များပြားနေတာပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့က အရမ်းကောင်းတဲ့ပြိုင်ဘက်နဲ့ ရင်ဆိုင်ကစားခဲ့တာပါ”လို့ ပြောပါတယ်။ အခုပွဲစဉ်အတွက် ချဲလ်ဆီးက ကိုးလ်ပယ်လ်မာရီစီဂျိမ်းစ်နဲ့ ဂတ်စတိုတို့ကို ကြံ့ခိုင်မှု ဆိုင်ရာပြဿနာကြောင့် လက်လွှတ်ခဲ့ရသလို ကိုင်စီဒိုကိုယ်တိုင်လည်း ပွဲပယ်ပြစ်ဒဏ်နဲ့အတူ မပါဝင်နိုင်ခဲ့ပါဘူး။ ဒါ့အပြင် အဖျားဝေဒနာက ဒီလပ်နဲ့ ဂစ်တန်စ်တို့ကို ကွင်းဘေးစည်းဆီရောက်ရှိအောင် တွန်းအားပေးခဲ့ပါတယ်။

ကိုးလ်ပယ်လ်မာနဲ့ပတ်သက်လို့ ရိုစီနီယာက “သူ့ရဲ့ပေါင်မှာ ကြွက်သားပြဿနာအနည်းငယ် ရှိနေခဲ့ပါတယ်။ ဇန်နဝါရီလအတွင်း ကြွက်သားပြဿနာအနည်းငယ်ရှိနေတဲ့ကစားသမားတစ်ဦးကို အလောတကြီးပွဲကစားချိန်ပေးမယ်ဆိုရင် သီတင်းပတ်ခြောက်ပတ်လောက်အထိ အနားယူသွားရနိုင်ပါတယ်။ ကိုးလ်ပယ်လ်မာလိုအရမ်းကောင်းတဲ့ကစားသမားမျိုးကို ခြောက်ပတ်လောက် မစွန့်လွှတ်ချင်ပါဘူး။

ရီစီဂျိမ်းစ်ရဲ့တင်ပါးဆုံရိုးမှာ ဒဏ်ရာပြဿနာကြီးကြီးမားမားရှိခဲ့ပါတယ်။ သူ့ကိုတော့ လာမဲ့စနေနေ့မှာ အစောဆုံးပြန်လာနိုင်ဖို့ မျှော်လင့်မိပါတယ်။ ဂစ်တန်စ်လည်း မနေ့ကတည်းက ဖျားနေခဲ့ပြီး လီယန်ဒီလပ်ကတော့ ပွဲကစားဖို့လေးနာရီလောက်အလိုမှ နေမကောင်းဖြစ်ခဲ့ပါတယ်။ နှစ်ဦးလုံးရဲ့ကိုယ်အပူချိန် အတော်လေးမြင့်တက်နေခဲ့တာပါ။ သူတို့နှစ်ဦးလုံး အနားယူပြီး လာမဲ့စနေနေ့အတွက် အဆင်သင့်ဖြစ်နေဖို့ပဲ မျှော်လင့်မိပါတယ်”လို့ ပြောပါတယ်။

ဆက်လက်ပြီး ရိုစီနီယာက အခုရာသီတလျှောက်လုံး၊ ပြိုင်ပွဲစုံနှစ်ပွဲသာရှုံးနိမ့်ထားတဲ့ အာဆင်နယ်လိုပြိုင်ဘက်နဲ့ ချဲလ်ဆီးတို့ အကောင်းဆုံးယှဉ်ပြိုင်ကစားနိုင်ခဲ့တယ်လို့ ထောက်ပြပြီး လာမဲ့ဖေဖော်ဝါရီ ၃ ရက်၊ အမ်းမရိတ်စ်ကွင်းဒုတိယအကျော့ပွဲစဉ်မှာ သူ့ရဲ့အသင်း ပြန်လည်တိုက်ခိုက်လာမယ်လို့ ယုံကြည်နေပါတယ်။

ချဲလ်ဆီးနည်းပြသစ်က “ပြိုင်ဘက်မှာ ကစားသမားအင်အားအပြည့်အဝရှိနေချိန် ကျွန်တော်တို့က ဥရောပရဲ့ဖိအားပေးကစားပုံအကောင်းဆုံးအသင်းဆိုတဲ့ပုံစံမျိုးနဲ့ ကစားခဲ့ပါတယ်။ ကျွန်တော်တို့က ကစားသမားအများစုကို လက်လွှတ်ထားရတာပါ။

ကျွန်တော်တောင်းဆိုထားတဲ့အစိတ်အပိုင်းအချို့ကို အကောင်အထည်ဖော်ပေးဖို့ကြိုးစားခဲ့တဲ့ ကစားသမားတွေရဲ့ရဲစွမ်းသတ္တိအတွက်လည်း ဂုဏ်ယူမိပါတယ်။ ခြောက်ရက်အတွင်း နှစ်ပွဲကစားခဲ့ရပါတယ်။ အခုအချိန်မှာ အသင်းအတွက် အနိုင်ရလဒ်တွေဖော်ဆောင်ဖို့ လုံလောက်နေပြီဖြစ်လို့ အချိန်ပေးဖို့ မတောင်းဆိုတော့ပါဘူး။

ဒါပေမဲ့ အသင်းမှာလည်း ကျွန်တော့်ရဲ့အမှတ်တံဆိပ်ကို ခတ်နှိပ်သွားဖို့ လိုအပ်ပါတယ်။ မဟုတ်ရင် ဒီမှာကျွန်တော်ရှိနေတာ အဓိပ္ပါယ်မရှိတော့ပါဘူး။ ဒါဟာ ကောင်းမွန်တဲ့ဟန်ချက်ညီမှုတစ်ခုဖြစ်ပြီး ပရိသတ်တွေကိုယ်တိုင်လည်း အသင်းရဲ့တိုးတက်မှုကို မြင်တွေ့လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာ ကျွန်တော်တို့အတွက် နိုင်ပွဲတွေ လိုအပ်ပါတယ်”လို့ ပြောပါတယ်။

Source : https://www.fotmob.com

Leave a Reply

Your email address will not be published. Required fields are marked *