ယူနိုက်တက်က နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ အာမိုရင် အခိုင်အမာပြော

ယူနိုက်တက်က နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ အာမိုရင် အခိုင်အမာပြော

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ ဘန်‌လေကို ပွဲပြီးကာနီးမှရရှိခဲ့တဲ့ ပင်နယ်တီသွင်းဂိုးနဲ့ ကပ်ပြီးအနိုင်ရခဲ့ပေမဲ့ နိုင်ပွဲနဲ့ထိုက်တန်ကြောင်း အခိုင်အမာပြောကြားလာခဲ့ပါတယ်။

ကြားရက်က ကာရာဘောင်ဖလားပွဲစဉ်မှာ လိဂ်တူးကလပ် ဂရင်းစ်ဘီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတဲ့ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာလည်း ဘန်လေကို အနိုင်ရဖို့အတော်လေးရုန်းကန်ခဲ့ရပြီး ပွဲပြီးကာနီးအချိန်ပိုမှာရရှိခဲ့တဲ့ ပင်နယ်တီနဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။

အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အနေနဲ့ OG တစ်ဂိုး၊ ပင်နယ်တီ တစ်ဂိုးနဲ့ဘန်လေကို အနိုင်ရခဲ့တာဖြစ်ပေမဲ့ နည်းပြ အာမိုရင်ကတော့ အသင်းဟာ နိုင်ပွဲနဲ့ထိုက်တန်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြက “ပွဲက ကောင်းကောင်းမွန်မွန်ပဲပြီးဆုံးခဲ့ပါတယ်။ အသင်းက ဒီနိုင်ပွဲနဲ့ထိုက်တန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ အခွင့်အရေးတွေလည်း အများကြီးဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာကတည်းက ကျွန်တော်တို့ပွဲကို ဖြတ်နိုင်ခဲ့သင့်တာပါ။ ခံစစ်ပိုင်းက ၂ ဂိုးပေးခဲ့‌ရပေမဲ့ သူတို့ကို ထိန်းချုပ်နိုင်ခဲ့တယ်လို့ထင်ပါတယ်။ ဒါကြောင့် အသင်းက နိုင်ပွဲနဲ့ထိုက်တန်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး ပွဲစဉ်တိုင်းမှာ ဂိုးခွင့်ပြုနေရတာကြောင့် ဝေဖန်ခံနေရတဲ့ ဂိုးသမားတွေနဲ့ပတ်သက်ပြီး အာမိုရင်က “သူတို့ကလည်း လူသားတွေပါပဲ။ ဒါပေမဲ့ မန်ချက်စတာယူနိုက်တက်လိုအသင်းမျိုးမှာ အရာရာက ကြီးကျယ်ပါတယ်။ လူတိုင်းက ဂိုးသမား‌အကြောင်းပဲပြောနေကြပါတယ်။ ခုချိန်မှာ ယူနိုက်တက်ဂိုးသမားတစ်ယောက်ဖြစ်ရတာ အရမ်းခက်ခဲပါတယ်။ သေးငယ်တဲ့အမှားလေးတွေက ဂိုးသမားဆီကိုပဲစုပြုံပြီး လာတတ်ပါတယ်။ ဒါကြောင့် ဂိုးသမားကိုပဲအပြစ်တင်နေလို့မရပါဘူး။ ကျွန်တော်တို့ တိုးတက်ဖို့လိုသေးတာလည်း အမှန်ပါပဲ” လို့ထပ်‌လောင်းပြောကြားခဲ့ပါတယ်။

ယခုအခါမှာတော့ နိုင်ငံတကာပွဲစဉ်‌တွေစတင်တော့မှာဖြစ်လို့ ယူနိုက်တက်ကစားသမားတွေဟာ နိုင်ငံ့လက်ရွေးစင်အသင်းတွေနဲ့ သွားရောက်ပူးပေါင်းကြမှာဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ မန်စီးတီးကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရပါမယ်။

Source : .independent.co.uk

Leave a Reply

Your email address will not be published. Required fields are marked *