ယူနိုက်တက်မှ အထုတ်ခံရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေကို အာမိုရင်ပြန်လည်တုံ့ပြန်

ရူဘင်အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ယူရိုပါလိဂ်ဆုဖလားကို မဆွတ်ခူးနိုင်ခဲ့ပါက အသင်းကနေ ထုတ်ပယ်ခံရနိုင်တယ်ဆိုတဲ့ မှတ်ချက်တွေကို တုံ့ပြန်ပြောဆိုမှုတွေ ပြန်လည်ပြုလုပ်လာခဲ့ပါတယ်။ လာမဲ့ကြာသပတေးနေ့နံနက်မှာ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲစဉ်အဖြစ် တော့တင်ဟမ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ပရီးမီးယားလိဂ်မှာ ရုန်းကန်ရမှုကို အဆိုပါဆုဖလားနဲ့ ပြန်လည်ချေဖျက်နိုင်ဖို့ ကြိုးစားသွားရပါမယ်။

ယူနိုက်တက်ဟာ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ် ၈ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာအထိ ကျဆင်းနေတာဖြစ်ပါတယ်။ တစ်ဖက်က တော့တင်ဟမ်ကတော့ ယူနိုက်တက်ထက်အခြေအနေပိုဆိုးနေပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၇ နေရာမှာ ရပ်တည်နေကာ သတင်းတွေအရ ယူရိုပါလိဂ်ဆုဖလားကိုရရှိခဲ့ပါကလည်း နည်းပြ အန်ဂျီပိုစတီကိုဂလူအနေနဲ့ ရာထူးကနေဖယ်ရှားခံရနိုင်တယ်လို့ သိရပါတယ်။

ယမန်နေ့ညကပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဂျာနယ်လစ်တစ်ယောက်က အာမိုရင်အား “အန်ဂျီပိုစတီကိုဂလူကတော့ ဒီဆုဖလားကိုမရရှိရင် ရာထူးကနေ ထုတ်ပယ်ခံရဖို့ အလားအလာရှိပါတယ်။ ဒါကြောင့် သူ့မှာ ဖိအားတွေများနေပါတယ်။ ခင်ဗျားကတော့ မနက်ဖြန် ဘာရလဒ်ပဲ ထွက်လာထွက်လာ ရာထူးကနေထုတ်ပယ်ခံရဖို့ မရှိတော့ ဖိအားနည်းနေတယ်မဟုတ်လား” လို့မေးမြန်းခဲ့ပါတယ်။

အာမိုရင်ပြန်လည် အဖြေမပေးခင်မှာပဲ ဖာနန်ဒက်စ်က “သူ့မှာ ဖိအားမရှိဘူးလို့ ခင်ဗျားကိုဘယ်သူပြောလဲ။ သူ့မှာလည်း အထုတ်ခံရနိုင်တဲ့ ဖိအားရှိတာပဲ” လို့စနောက်ပြီး ပြောကြားခဲ့ပါတယ်။ ဖာနန်ဒက်စ်ရဲ့စကားကြောင့် အာမိုရင်နဲ့ မက်ဂွါရီတို့အပါအဝင် တစ်ခန်းလုံး ရယ်မောခဲ့ကြပြီး နောက်ပိုင်းမှာ အာမိုရင်က ဖာနန်ဒက်စ်ကိုပြန်လည်တုံ့ပြန်ခဲ့ပါတယ်။

ပေါ်တူဂီသားနည်းပြက “ဖာနန်ဒက်စ်က ကျွန်တော့်နေရာကို လိုချင်နေတာပါ။ သူက တစ်ချိန်မှာ အရမ်းတော်တဲ့နည်းပြတစ်ဦးဖြစ်လာနိုင်ပေမဲ့ သူ့ရဲ့စိတ်ဓာတ်ပိုင်းမှာပြုပြင်စရာလေးတွေရှိနေပါသေးတယ်။ လူတွေနဲ့ ဘယ်လိုညှိနှိုင်းရမလဲ သူမသိဘူးလေ” လို့ပြန်လည်စနောက်ခဲ့ပါတယ်။

ဆက်လက်ပြီး အာမိုရင်က “ယူနိုက်တက်လိုအသင်းမျိုးမှာတော့ ပွဲတွေဆက်တိုက်ရှုံးပြီး ရာထူးကနေ ထုတ်ပယ်ခံရတဲ့နည်းပြတွေ သိပ်မရှိပါဘူး။ တော့တင်ဟမ်မှာလည်း အတူတူပါပဲ။ ကျွန်တော့်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်ထက် ကလပ်အတွက်ပိုပြီးတော့ စဉ်းစားပေးနေတာကို လူတွေမြင်ကြပါလိမ့်မယ်။ အသင်းမှာ ဖြေရှင်းစရာတွေအများကြီးရှိနေပါတယ်။ ကျွန်တော် ပရိသတ်တွေလက်ခံတဲ့နည်းပြတစ်ယောက်ဖြစ်ဖို့ ကိုယ့်ကိုယ်ကိုယ်သက်သေပြသွားပါမယ်”

“ရာထူးကနေထုတ်ပယ်ခံရမှာ ကျွန်တော်မစိုးရိမ်ပါဘူး။ နည်းပြတစ်ယောက်က ဒါကို နားလည်ထားရမှာပဲလေ။ အရေးကြီးဆုံးအချက်က ကိုယ်လုပ်နေတဲ့အလုပ်ကို သိဖို့ပါပဲ။ ဒါကြောင့် ကျွန်တော့်ရဲ့စိတ်ကူးအကြံဉာဏ်တွေကို ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဒါကို ဘုတ်အဖွဲ့နဲ့ ပရိသတ်တွေလည်း နားလည်မယ်လို့ထင်ပါတယ်။ ဘာတွေပဲဖြစ်လာဖြစ်လာ၊ ကျွန်တော်တို့ရောက်ချင်တဲ့နေရာကိုတော့ အရောက်လှမ်းသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။

Source : metro.co.uk

Leave a Reply

Your email address will not be published. Required fields are marked *