ခရစ္စတယ်ပဲလေ့စ်ဂိုးသမား ဒင်းန်ဟန်ဒါဆန်က လီဗာပူးကို ပင်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရခဲ့တဲ့ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ အသင်းအတွက် ပင်နယ်တီ ၂ လုံးအထိ ကာကွယ်ပေးနိုင်ခဲ့ပြီးနောက် အခုလို အဓိကအခန်းကဏ္ဍကနေ အသင်းကိုကယ်တင်ပေးနိုင်ခဲ့လို့ ဂုဏ်ယူကြောင်း ပြောကြားလာခဲ့ပါတယ်။
ယခုပွဲစဉ်မှာ လီဗာပူးဟာ ခရစ္စတယ်ပဲလေ့စ်ကို သာမန်ပွဲကစားချိန်အတွင်း ၂ ကြိမ်တိုင်တိုင်ဦးဆောင်နိုင်ခဲ့ပေမဲ့ ချေပဂိုး ၂ ဂိုးအထိ ပြန်လည်ခွင့်ပြုခဲ့ရတာကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရတာဖြစ်ပါတယ်။ ပင်နယ်တီမှာတော့ ဟန်ဒါဆန်ရဲ့လက်စွမ်းပြမှုနဲ့အတူ ယခုနှစ်အတွက် ကွန်မြူနတီဒိုင်းကို ခရစ္စတယ်ပဲလေ့စ်က ဆွတ်ခူးသွားခဲ့ပါတယ်။
ပွဲအပြီးမှာ TNT သတင်းဌာနသို့ ဟန်ဒါဆန်က “ဒီလိုစိတ်ခံစားချက်မျိုးက အံ့ဩစရာပါ။ ကျွန်တော်တို့ ပွဲချိန်အတွင်း ၂-၁ နဲ့ရှုံးနေခဲ့ပေမဲ့ နောက်ဆုံးမှာ ချေပဂိုး ပြန်ရခဲ့ပါတယ်။ ကျွန်တော်တို့မန်နေဂျာက အသင်းအနေနဲ့ ဒုတိယပိုင်းမှာ အခွင့်အရေးကောင်းရလိမ့်မယ်လို့ ကြိုပြောခဲ့ပြီး သူပြောတဲ့အတိုင်းပဲ ကျွန်တော်တို့ အခွင့်အရေးကနေ ချေပဂိုးသွင်းနိုင်ခဲ့ပါတယ်။ ပြီးတော့ ခံစစ်မှာ အကောင်းဆုံးပိတ်ကစားခဲ့ကြပြီး ဒီရလဒ်နဲ့ ထိုက်တန်ခဲ့ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အင်္ဂလန်သားက “အခုလိုအောင်မြင်မှုရခဲ့တာ ကျွန်တော်အရမ်းပျော်ပြီး ဂုဏ်ယူပါတယ်။ ဒီလိုအခိုက်အတန့်တွေကို ကျွန်တော်သဘောကျပါတယ်။ ဖိအားတွေအောက်မှာလှုပ်ရှားရတာကိုလည်း သဘောကျပါတယ်။ အရင်ကတည်းက ပင်နယ်တီနဲ့ပတ်သက်ပြီး လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်ခဲ့တာကြောင့် အခုလို ကာကွယ်မှုတွေပြုလုပ်နိုင်ခဲ့တာပါ။ နောက်ကွယ်ကနေ ကျွန်တော့်ကို အကူအညီပေးခဲ့တဲ့ နည်းပြဝန်ထမ်းတွေနဲ့ အသင်းဖော်တွေကို ကျေးဇူးတင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။
Source : www.tribalfootball.com