မျက်နှာ၏ (၉၀)ရာခိုင်နှုန်းကျော်တွင် အမွေးအမျှင်များပေါက်နေသည့် အိန္ဒိယအမျိုးသား

မျက်နှာ၏ (၉၀)ရာခိုင်နှုန်းကျော်တွင် အမွေးအမျှင်များပေါက်နေသည့် အိန္ဒိယအမျိုးသား

အိန္ဒိယနိုင်ငံမှ အသက်(၁၈)နှစ်အရွယ် အမျိုးသားတစ်ဦးသည် အမွေးအထူဆုံးမျက်နှာရှိခြင်းအတွက် ကမ္ဘာ့ဂင်းနစ် စံချိန်မှတ်တမ်းကို ရရှိခဲ့ကြောင်း သိရသည်။ အဆိုပါအမျိုးသား၏မျက်နှာပေါ်တွင် တစ်စတုရန်းစင်တီမီတာလျှင် အမွေး (၂၀၁ ဒသမ ၇၂) ပင်ရှိကြောင်း ဂင်းနစ်စံချိန်မှတ်တမ်းအဖွဲ့တာဝန်ရှိသူများက ဆုံးဖြတ်ခဲ့သည်။

လာလစ်ပါတီဒါ ဆိုသည့်အမျိုးသားသည့် hypertrichosis ဟုခေါ်သော ရှားပါးသည့်အမွေးအမျှင်ကြီးထွားမှုအခြေ အနေဖြင့် နေထိုင်လာခဲ့ပြီးနောက် အမွေးအထူဆုံးမျက်နှာရှိသည့် အမျိုးသား ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အမွေးအမှင်ကြီးထွားမှုနှင့်ပတ်သက်ပြီး အလယ်ခေတ်ကတည်းက မှတ်တမ်းတင်ထားခဲ့သည့် ကိစ္စပေါင်း(၅၀) လောက်သာရှိပြီး လူ(၁)ဘီလျံလျှင် တစ်ဦးခန့်သာဖြစ်ပွားနိုင်ခြင်းဖြစ်သည်။ လာလစ်ပါတီဒါ၏ မျက်နှာပြင် (၉၀)ရာခိုင်နှုန်းကျော်တွင် အမွေးအမှင်များရှိပြီး ၎င်းကလေးဘဝတည်းက ရှိခဲ့ခြင်းဖြစ်သည်။

လာလစ်ပါတီဒါက “ကျောင်းက ကလေးတွေက ကျွန်တော့်ကိုကြောက်ကြတယ်။ ဒါပေမဲ့ ကျွန်တော်နဲ့ စကားပြောပြီးတဲ့နောက်မှာတော့ ကျွန်တော်က သူတို့နဲ့ ကွဲပြားခြားနားမှု မရှိဘူးဆိုတာကို နားလည်သွားကြပါတယ်။ အပြင်ပိုင်း အသွင်အပြင်ကတော့ တစ်မျိုးဖြစ်နေပေမဲ့ ကျွန်တော့်ရဲ့အတွင်းပိုင်းကတော့ တခြားလူတွေနဲ့ ကွဲခြားမှုမရှိပါဘူး” ဟု ပြောခဲ့သည်။

ထို့ပြင် YouTube ပလက်ဖောင်းပေါ်တွင် ၎င်း၏ နေ့စဉ်ဘဝမှတ်တမ်းများကို မှတ်တမ်းတင်ခဲ့သော လာလစ်ပါတီဒါက ယခုလို ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိခဲ့သည့်အတွက် အလွန်ဝမ်းသာမိကြောင်း ထုတ်ဖော်ပြောခဲ့သည်။

၎င်းက “ကျွန်တော် ဘာပြောရမှန်းတောင် မသိတော့ပါဘူး။ ဒီလိုမျိုး ကမ္ဘာ့ဂင်းနစ် စံချိန်ရရှိခဲ့တဲ့အတွက် တကယ်ကို ဝမ်းသာမိပါတယ်” ဟု ပြောခဲ့သည်။

Source : www.mirror.co.uk

Leave a Reply

Your email address will not be published. Required fields are marked *