အာဆင်နယ်ဂန္တဝင်အွန်နရီက မန်စီးတီးအသင်းကွင်းလယ်ကစားသမားရိုဒရီကို ပက်ဂွါဒီယိုလာအသင်းရဲ့ အသည်းနှလုံးအဖြစ် တင်စားရင်း ၂၀၂၄ ခုနှစ်၊ ဘော်လွန်းဒီအော်ဆုရှင်အဖြစ် ရွေးချယ်သတ်မှတ်ပေးခဲ့ပါတယ်။ ဘော်လွန်းဒီအော်ဆုကို နှစ်စဉ်နှစ်တိုင်း ကမ္ဘာ့ဘောလုံးလောကရဲ့အကောင်းဆုံးကစားသမားအတွက် ရွေးချယ်ချီးမြှင့်လေ့ရှိပြီး ၆၈ ကြိမ်မြောက် ဆုပေးပွဲကိုတော့ လာမဲ့အောက်တိုဘာ ၂၈ ရက်၊ ပါရီမြို့မှာ ကျင်းပပြုလုပ်သွားဖို့ စီစဉ်ထားပါတယ်။

၂၀၂၄ ခုနှစ် ဘော်လွန်းဒီအော်ဆုအတွက် စကာတင်စာရင်းဝင်ကစားသမား ၃၀ ဦးစာရင်းကို ထုတ်ပြန်ထားပြီး မန်စီးတီးကွင်းလယ်လူရိုဒရီနဲ့ ရီးရဲလ်မက်ဒရစ်တိုက်စစ်မှူးဗင်နီးစီယက်စ်တို့ ပါဝင်နေပါတယ်။ အွန်နရီကတော့ လက်ရှိမှာဒဏ်ရာကြောင့်အနားယူနေရတဲ့ ရိုဒရီကို စပိန်အသင်းအတွက် ယူရို-၂၀၂၄ ချန်ပီယံအောင်ပွဲရရှိအောင် ကူညီပေးနိုင်ခဲ့မှုနဲ့အတူ ဘော်လွန်းဒီအော်ဆုနဲ့ထိုက်တန်သူတစ်ဦးအဖြစ် ရှုမြင်နေခဲ့ပါတယ်။
CBS Sports နဲ့ဆွေးနွေးခန်းအစီအစဉ်မှာ ဘော်လွန်းဒီအော်ဆုအတွက် ဘယ်သူ့ကိုရွေးချယ်မလဲလို့ မေးမြန်းလာမှုအပေါ် အွန်နရီက “ရိုဒရီပေါ့။ ကျွန်တော်က ဇာဗီ၊ အင်နီယေစတာတို့ရဲ့အကောင်းဆုံးအချိန်မှာ သူတို့တွေ ဒီဆုကိုရရှိဖို့ အမြဲတမ်းလိုလားခဲ့ပါတယ်။ လူတွေက ကွင်းလယ်လူတွေအကြောင်းနဲ့ ကွင်းလယ်လူတွေ ဘာတွေလုပ်ပေးသလဲဆိုတာ မေ့နေကြပါတယ်။ ကွင်းလယ်ကစားသမားဆိုတာ အသင်းရဲ့အသည်းနှလုံးပါ။ ရိုဒရီဆိုရင်လည်း မန်စီးတီးရဲ့အသည်းနှလုံးပေါ့။
ပြီးခဲ့တဲ့ရာသီမှာ ရိုဒရီက ချန်ပီယံလိဂ်ဖလားမရရှိခဲ့ဘူးဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့ သူက ယူရိုချန်ပီယံဖြစ်ခဲ့တယ်လေ”လို့ တုံ့ပြန်ဖြေကြားခဲ့ပါတယ်။ အွန်နရီက ဗင်နီးစီယက်စ်ကိုလည်း ဘော်လွန်းဒီအော်ဆုရှင်အဖြစ် ရွေးချယ်ချင်ခဲ့ပေမဲ့ ကိုပါအမေရိကဖလားပြိုင်ပွဲအတွင်း ဘရာဇီးသားရဲ့ဆိုးရွားလှတဲ့စွမ်းဆောင်ရည်ပိုင်းကြောင့် ရိုဒရီကို ပိုမိုအကြိုက်တွေ့နေခဲ့ပါတယ်။
အွန်နရီက “ကိုပါအမေရိကဖလားပြိုင်ပွဲမှာ ဗင်နီးစီးယက်စ် အကောင်းဆုံးစွမ်းဆောင်ရည် မပြသနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ဒီဆုအတွက် သူ့မှာ ထိုက်တန်မှုရှိသလားဆိုရင်တော့ ထိုက်တန်မှုရှိပါတယ်လို့ပဲ ပြောရပါလိမ့်မယ်။ သူ့ရဲ့ခြေစွမ်းပိုင်းက လက်ဖျားခါလောက်စရာပါ။ ကျွန်တော် ဆက်ပြောပါရစေ။ အခုအချိန်မှာ ကျွန်တော့်အတွက် ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဆိုရင် ဗင်နီးစီးယက်စ်ပါပဲ။ ဒါကြောင့် ဗင်နီးစီးယက်စ်လည်း ဘော်လွန်းဒီအော်ဆုနဲ့ ထိုက်တန်ပါတယ်”လို့ ဆိုပါတယ်။
အွန်နရီနဲ့အတူ တွဲဖက်တင်ဆက်တဲ့ ကာရေဂါကတော့ ဘော်လွန်းဒီအော်ဆုအတွက် ရိုဒရီအစား ဗင်နီးစီးယက်စ်ကိုပဲ ရွေးချယ်ခဲ့ပါတယ်။ ကာရေဂါက “ ကျွန်တော်ကတော့ ဗင်နီးစီးယက်စ်ကိုပဲ ရွေးပါမယ်။ ကလပ်အသင်းအဆင့်မှာ အမြင့်မားဆုံးအောင်မြင်မှုဖြစ်တဲ့ ချန်ပီယံလိဂ်ဆုဖလားကြီးကို ဗင်နီးစီးယက်စ်တို့အသင်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။
ရိုဒရီအတွက်တော့ သူကစားနေရတဲ့နေရာကြောင့် ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်ဖို့ ခက်ခဲလွန်းပါတယ်။ ဗဟိုကွင်းလယ်လူပဲဖြစ်ဖြစ်၊ နောက်ခံလူပဲဖြစ်ဖြစ် ဘော်လွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်တာ အလွန်ရှားပါးလွန်းပါတယ်”လို့ သုံးသပ်ပါတယ်။
Source : msn.com
#xda77 #xda77digital #ရီးရဲလ်မက်ဒရစ် #မန်စီတီး #ရိုဒရီ #အာဆင်နယ် #ဂွါဒီယိုလာ #အွန်နရီ #ဗင်နီစီးယက်စ်