ပီအက်စ်ဂျီကို နှစ်ဂိုးတိတိဦးဆောင်နိုင်ခဲ့ပြီးမှ ပယ်နယ်တီဖြင့်အရေးနိမ့်ခဲ့တဲ့ ဥရောပစူပါဖလားဖိုင်နယ်ပွဲစဉ်အပြီး သောမတ်စ်ဖရန့်ခ်က သူ့ရဲ့အထူးစစ်ဆင်ရေးကျရှုံးမှုကို အသိအမှတ်ပြုခဲ့ပေမဲ့ တော့တင်ဟမ်အသင်းကစားသမားတွေကို ချီးကျူးဂုဏ်ပြုဖို့ အသင့်ရှိနေခဲ့ပါတယ်။
အခုပွဲစဉ်အတွင်း တော့တင်ဟမ်က ဗန်ဒီဗန်၊ ရိုမဲရိုးတို့ရဲ့သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပေမဲ့ လီကန်အင်းရဲ့ပွဲချိန်နှောင်းပိုင်းပထမချေပဂိုး၊ ဂွန်ကာလိုရာမို့စ်ရဲ့နာကျင်အချိန်ပို ဒုတိယချေပဂိုးတို့ကို ခွင့်ပြုပေးခဲ့ရပါတယ်။ နောက်ပိုင်း ပယ်နယ်တီအဆုံးအဖြတ်ခံယူရာမှာတော့ ပီအက်စ်ဂျီက သောမတ်စ်ဖရန့်ခ်ရဲ့အသင်းကို ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
သုံးယောက်တန်းခံစစ်ဖြင့် ပွဲထွက်လာပြီး အလွတ်တည်ကန်ဘောဆိုင်ရာ အကျိုးသက်ရောက်မှုအချို့ ရယူသွားနိုင်ခဲ့တဲ့ ဒိန်းမတ်သားနည်းပြက သူ့ရဲ့ကစားသမားတွေကို ပွဲစဉ်အပြီးမှာ ချီးကျူးဂုဏ်ပြုသွားခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်က “ ကစားသမားတွေအတွက်၊ ကလပ်အသင်းအတွက်၊ ပရိသတ်တွေအတွက် အရမ်းဂုဏ်ယူမိပါတယ်။ ကမ္ဘာ့အကောင်းဆုံးကလပ်အသင်းစာရင်းဝင်၊ လတ်တလောမှာဆို အကောင်းဆုံးတောင်ဖြစ်နေနိုင်တဲ့ ပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် ကစားသမားတွေက အစွမ်းကုန်ပေးဆပ်ကြိုးစားခဲ့ပါတယ်။ ပွဲချိန်မိနစ် ၈၀ လောက်အထိ ကျွန်တော်တို့ရဲ့ကစားပုံက ပြီးပြည့်စုံခဲ့ပါတယ်။ ပစ်ရက်စရာတောင် မရှိပါဘူး။
ကျွန်တော်တို့က ပီအက်စ်ဂျီနဲ့အနည်းငယ်ကွဲပြားခြားနားသွားအောင် တစ်ခုခုတော့ လုပ်သွားရမယ်ဆိုတာ သိထားခဲ့ပါတယ်။ ဒါက အထူးစစ်ဆင်ရေး ဖြစ်ပါတယ်။ ဆေးဘက်ဆိုင်ရာစကားအရ ပြောရမယ်ဆိုရင် ခွဲစိတ်မှုအောင်မြင်ပေမဲ့ လူနာတော့ သေဆုံးသွားတယ်ဆိုတာမျိုးပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့က အနည်းငယ်ကွဲပြားခြားနားသလို အောင်မြင်ဖို့လည်း အတော်လေးနီးစပ်ခဲ့တဲ့ ပွဲအစီအမံတစ်ခုကို လုပ်သွားခဲ့ပါတယ်။
ကျွန်တော်တို့တွေ တိုက်ရိုက်ဆန်ဆန်ကစားပြီး ပြိုင်ဘက်ကိုထိုးနှက်နိုင်လိမ့်မယ်ဆိုတာ သိထားခဲ့လို့ ဒါက နည်းနည်းထူးခြားနေတဲ့ စစ်ဆင်ရေးတစ်ခုလို ဖြစ်ခဲ့ပါတယ်။ ကွင်းရဲ့ဘယ်ဧရိယာမှမဆို ရောက်ရှိလာနိုင်တဲ့ အလွတ်တည်ကန်ဘောတွေကို အထူးအာရုံစိုက်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး လာမယ့်စနေနေ့၊ ဘန်လေကို ဧည့်ခံကစားရမဲ့ ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အတွက် စိတ်ဓါတ်ပိုင်းမြှင့်တင်ပေးလိုတဲ့ တော့တင်ဟမ်နည်းပြသစ်က “ ဘယ်ပွဲစဉ်မဆို အရေးကြီးပါတယ်။ ကစားသမားတွေရဲ့မျက်နှာကိုမြင်တွေ့လိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့အားလုံး စိတ်ပျက်နေခဲ့တယ်ဆိုတာ ထင်ရှားပါတယ်။ ဒီအတွက် ကျွန်တော့်မှာ ၂၄ နာရီစည်းမျဉ်း ရှိပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ၂၄ နာရီကြာ စိတ်ပျက်လက်ပျက်ဖြစ်နေနိုင်ပါတယ်။
ကျွန်တော်တို့က ပြိုင်ပွဲပေါင်းစုံမှာ ယှဉ်ပြိုင်သွားချင်ပါတယ်။ ဒီလိုယှဉ်ပြိုင်ချင်တယ်ဆိုရင် လျှင်လျှင်မြန်မြန်ပြန်ရုန်းထပြီး အဆင်သင့်ဖြစ်နေဖို့ မဖြစ်မနေလိုအပ်ပါတယ်။ ကစားသမားတွေကိုလည်း အဆင်သင့်ဖြစ်နေအောင် ကျွန်တော် သေချာလုပ်ပေးသွားပါမယ်”လို့ ဆိုပါတယ်။
တဖက်မှာလည်း လူးဝစ်အင်းနရစ်က ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်အပြီး တစ်လအကြာ သူ့ရဲ့ပီအက်စ်ဂျီအသင်းကို ပွင့်ပွင့်လင်းလင်းအကဲဖြတ်သွားခဲ့ပါတယ်။
စပိန်သားနည်းပြက “ အရိုးသားဆုံးပြောရရင် ဒီဆုဖလားနဲ့ ကျွန်တော်တို့ ထိုက်တန်ရဲ့လားဆိုတာတောင် မသိတော့ပါဘူး။ တော့တင်ဟမ်နဲ့ ကျွန်တော်တို့အကြားမှာ ကွာခြားမှုကြီးမားလွန်းပါတယ်။ သူတို့မှာ ပြင်ဆင်ဖို့အတွက် သီတင်းပတ်ခြောက်ပတ် အချိန်ရခဲ့ပေမယ့် ကျွန်တော်တို့ကတော့ ခြောက်ရက်ပဲ အချိန်ရပါတယ်။ ဒါက ကြီးမားလှတဲ့ကွာခြားချက်ပါ။ ကျွန်တော်တို့လည်း ကိုယ်ပုံစံအတိုင်းကစားဖို့ ကြိုးစားခဲ့ပေမယ့် မိနစ် ၈၀ လောက်အထိ မလုပ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ရဲ့ဘောလုံးပေးပို့မှုတွေ အတော်လေးဆိုးရွားခဲ့ပြီး ကံကောင်းခဲ့တာမျိုးတောင် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကံကြမ္မာနတ်သမီးက ကျွန်တော်တို့အပေါ် အပြုံးပန်းတွေ ဝေမျှခဲ့ပါတယ်”လို့ ဆိုပါတယ်။
Source : independent.co.uk