သောမတ်စ်ဖရန့်ခ်က ကြယ်ပွင့်တိုက်စစ်မှူးဆိုလန်ကီရဲ့ခြေကျင်းဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှု ပြုလုပ်ခဲ့တယ်လို့ အတည်ပြုပြောကြားပြီးနောက် တော့တင်ဟမ်အတွက် နောက်ဆုံးပေါ်ဒဏ်ရာပြဿနာတစ်ခု ရောက်ရှိလာခဲ့ပါတယ်။
ဆိုလန်ကီက မန်စီးတီးကို ၂-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့သြဂုတ်လပွဲစဉ်နောက်ပိုင်း တော့တင်ဟမ်အတွက် ပါဝင်ကစားပေးနိုင်ခြင်း မရှိပါဘူး။ ဒီပွဲစဉ်မှာလည်း ဆိုလန်ကီက ရစ်ချာလီဆန်ရဲ့နေရာ လူစားဝင်လာပြီး ပွဲချိန်နှောင်းပိုင်း ၁၂ မိနစ်ခန့်သာ ကစားနိုင်ခဲ့ပါတယ်။
တိုက်စစ်မှူးက အခုဒဏ်ရာကို ရာသီကြိုလေ့ကျင့်ပြင်ဆင်မှုကာလမှာ ရရှိခဲ့ပြီး သြဂုတ်လအတွင်း ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရတဲ့ ဥရောပစူပါဖလားပွဲစဉ်ကိုလည်း လွဲချော်ခဲ့ပါတယ်။ ဒါပေမဲ့ သူက ဘန်လေ၊ မန်စီးတီးတို့နဲ့ ရင်ဆိုင်ရတဲ့ ပရီမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်နှစ်ခုမှာ ပွဲချိန်နှောင်းပိုင်းလူစားဝင်ကစားသမားအဖြစ် အသင်းအတွက် ပါဝင်ကစားပေးခဲ့ပါတယ်။
အခုလအစောပိုင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တဲ့ ဆိုလန်ကီက လတ်တလောမှာတော့ သူ့ရဲ့ဒဏ်ရာအတွက် ဖြေရှင်းချက်ရှာဖွေနိုင်ဖို့ ခွဲစိတ်ကုသမှုခံယူထားတယ်လို့ သောမတ်စ်ဖရန့်ရဲ့အဆိုအရ သိရပါတယ်။ တော့တင်ဟမ်နည်းပြက “ ဆိုလန်ကီအတွက် ကာလအတန်ကြာအနှောင့်အယှက်ဖြစ်နေတဲ့ ခြေကျင်းဝတ်ဒဏ်ရာရှိနေတယ်ဆိုတာကို ကျွန်တော်တို့ သိရှိထားခဲ့ပါတယ်။ ဒါကြောင့် အသေးစားခွဲစိတ်ကုသမှုလုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အသေးစားခွဲစိတ်မှုလေးပါပဲ။ နိုင်ငံတကာသီတင်းပတ်အလွန်မှာတော့ နောက်ထပ်သတင်းအချက်အလက်တွေ ရရှိလာပါလိမ့်မယ်”လို့ ပြောပါတယ်။
ဆိုလန်ကီက ဒဏ်ရာပြဿနာတစ်ခုကြောင့် အနားယူရမယ့် တော့တင်ဟမ်ရဲ့နောက်ဆုံးကြယ်ပွင့်ကစားသမား ဖြစ်လာခဲ့ပါတယ်။ လတ်တလောမှာ တော့တင်ဟမ်က ဒရာဂူဆင်၊ ကူလူဆက်ဗ်စကီးနဲ့ မက်ဒီဆင်တို့ကို ကာလရှည်ဆုံးရှုံးထားပါတယ်။
နည်းပြသစ်သောမတ်စ်ဖရန့်ခ်လက်အောက်မှာ တော့တင်ဟမ်က ၂၀၂၅-၂၀၂၆ ဘောလုံးရာသီအတွင်း ဘုန်းမောက်နဲ့ရင်ဆိုင်ရတဲ့ ပရီမီးယားလိဂ်ပွဲစဉ်တစ်ခုတည်းကိုသာ အရေးနိမ့်ခဲ့ပါတယ်။ သူတို့တွေက ပြိုင်ပွဲစုံနောက်ဆုံးငါးပွဲဆက်ရှုံးပွဲမရှိ ဖြတ်သန်းထားနိုင်ပြီး အင်္ဂါနေ့၊ ချန်ပီယံလိဂ်ပွဲစဉ်အဖြစ် ဘိုဒိုဂလင့်နဲ့ ရင်ဆိုင်ရချိန် ဒီမှတ်တမ်းကောင်းကို ဆက်လက်တိုးချဲ့သွားနိုင်ဖို့ မျှော်လင့်နေပါလိမ့်မယ်။
Source : goal.com