အမေရိကန်နိုင်ငံ အလက်စကာပြည်နယ်မှ အမျိုးသမီးတစ်ဦး၏ ပါးစပ်အကျယ်သည် (၂ ဒသမ ၉၈) လက်မရှိပြီး တရားဝင်တိုင်းတာမှုများလုပ်ဆောင်ခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ကြောင်းသိရသည်။
Ketchikan မြို့ တွင်နေထိုင်သည့် Marie Pearl Zellmer Robinson ဆိုသည့်အမျိုး သမီးက ၎င်းတွင်ကြီးမားသည့် ပါးစပ်ရှိသည်ကို သိရှိထားသော်လည်း ယခင်စံချိန်ဟောင်းကိုပိုင်ဆိုင်ထားသည့် Samantha Ramsdell ၏ ဗီဒီယိုဖိုင်ကို မတွေ့ခင် အချိန်အထိ ကမ္ဘာ့ဂင်းနစ်စံချိန်ရရှိနိုင်မည်ဟု မထင်ထားကြောင်း ပြောကြားခဲ့သည်။
Samantha Ramsdell ၏ ပါးစပ်အကျယ်သည် (၂ ဒသမ ၅၆) လက်မရှိပြီး အဆိုပါ ပါးစပ်အကျယ်ဆုံး (အမျိုးသမီး)ဂင်းနစ်စံချိန်ကို (၂၀၂၁)ခုနှစ်တွင် တင်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
Marie Pearl Zellmer Robinson က ‘‘Samantha Ramsdell ရဲ့ ဗီဒီယိုတွေကို တွေ့လိုက်ရတဲ့အချိန်မှာ ဒီလိုမျိုးဂင်းနစ်စံချိန်ကို ကျွန်မလည်းရရှိနိုင်တယ်လို့ တွေးခဲ့မိပါတယ်။ ပြီးတော့ Samantha Ramsdell ကို ကျွန်မကျော်တက်နိုင်ပါ့မလားလို့လည်း တွေးမိခဲ့ပါတယ်” ဟု ပြောခဲ့သည်။
ထို့နောက် Marie Pearl Zellmer Robinson ၏ သွားဆရာဝန်သည် ၎င်း၏ပါးစပ်အကျယ်ကို တရားဝင် တိုင်းတာမှုများလုပ်ဆောင်ခဲ့ပြီး နောက်အကျယ်(၂ ဒသမ ၉၈)လက်မဖြင့် ပါးစပ်အကျယ်ဆုံး(အမျိုးသမီး)ဂင်းနစ်စံချိန်ကို ရရှိခဲ့ခြင်းဖြစ်သည်။ Marie Pearl Zellmer Robinson က “ကျွန်မမှာ ကြီးမားတဲ့ပါးစပ်ရှိတယ်ဆိုတာကို အမြဲတမ်းသတိထားမိခဲ့ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ဂင်းနစ်စံချိန်ချိုးဖျက်နိုင်မယ်လို့တော့ ဘယ်တုန်းကမှ မထင်ခဲ့မိပါဘူး” ဟု ပြောခဲ့သည်။
Source : အင်္ဂလိပ်ဘာသာဖြင့် dailymail.co.uk တွင်လည်း ဖတ်ရှုနိုင်ပါသည်။