နော်ဝေကို ဂိုးပြတ်ရှုံးပြီးနောက် အီတလီက ခက်ခဲတဲ့ အခိုက်အတန့်ကို ရောက်ရှိနေကြောင်း စပယ်လက်တီဝန်ခံ

အီတလီနည်းပြ လူချီယာနိုစပယ်လက်တီ

အီတလီနည်းပြ လူချီယာနိုစပယ်လက်တီက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ နော်ဝေကို ၃-၀ ဂိုးနဲ့ ရှုံးနိမ့်ပြီးနောက် ခက်ခဲတဲ့အခိုက်အတန့်ကို ရင်ဆိုင်နေရတယ်လို့ ပြောကြားခဲ့ပါတယ်။ အော်စလိုမြို့မှာ ယှဉ်ပြိုင်တဲ့ပွဲမှာ အလက်ဇန်းဒါးဆော်လော့သ်နဲ့ အန်တိုနီယိုနူဆာတို့က နော်ဝေအတွက် ၂-၀ ဂိုးအထိ ဦးဆောင်ခဲ့ပြီး အာဆင်နယ်ကွင်းလယ်ကစားသမား မာတင်အိုဒီဂတ်က မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်း ဟာလန်းအတွက် တတိယဂိုးကို ဖန်တီးပေးခဲ့ပါတယ်။ ဒီဂိုးတွေအားလုံး ပထမပိုင်းမှာတင် သွင်းယူခဲ့တာပါ။

ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားနှစ်ကြိမ်စလုံး ခြေစစ်ပွဲမအောင်ခဲ့တဲ့ အီတလီအသင်းဟာ အုပ်စု (I) ရဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဒါပေမဲ့ Nations League ပွဲစဉ်တွေ ကစားရတာကြောင့် ဇယားထိပ်ကအသင်းတွေထက် ၂ ပွဲလျော့ ကစားထားပါတယ်။ နော်ဝေက ၉ မှတ်နဲ့ အုပ်စုထိပ်ဆုံးမှာရှိပြီး အစ္စရေးက ၆ မှတ်နဲ့ ဒုတိယ၊ အက်စ်တိုးနီးယားက ၃ မှတ်နဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

စပယ်လက်တီက”ကျွန်တော်က ဒီအသင်းရဲ့ ခေါင်းဆောင်ပါ၊ ဒါဟာ ကျွန်တော်ရွေးချယ်ထားတဲ့ အသင်းပါ။ ဒါကြောင့် သူတို့နဲ့အတူ ဆက်သွားမှာပါ။ ကျွန်တော်တို့က အချို့သော ကဏ္ဍတွေမှာ တိုးတက်ဖို့လိုအပ်တယ်။ ဘာလို့လဲဆိုတော့ ဘောလုံးဆုံးရှုံးတာမျိုးနဲ့ ပြိုင်ဘက်တွေကို အခွင့်အရေးပေးလို့မရဘူး” လို့ RAI Sport ကို ပြောကြားခဲ့ပါတယ်။ အီတလီအသင်းခေါင်းဆောင် ဂီယန်လူဂီ ဒွန်နာရမ်မာကတော့ သူ့မှာ “ဘာရှင်းပြစရာမှ မရှိဘူး” လို့ ပြောကြားခဲ့ပါတယ်။

ဒွန်နာရမ်မာက”ကျွန်တော်တို့ ပရိသတ်တွေက ဒီလိုပွဲမျိုးကို မထိုက်တန်ပါဘူး။ ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ပြန်သုံးသပ်ဖို့လိုတယ်။ ဒါက လက်ခံနိုင်စရာမရှိဘူး”လို့ ပြောပါတယ်။ အီတလီဟာ တနင်္လာနေ့မှာ မော်လ်ဒိုဗာနဲ့ ဆက်ကစားရမှာဖြစ်ပြီး မော်လ်ဒိုဗာကတော့ ဇယားအောက်ဆုံးမှာ ရမှတ်မရှိသေးပါဘူး။ Sky Sport Italia နဲ့ အင်တာဗျူးမှာ စပယ်လက်တီက ဒါဟာ “အခက်အခဲရှိတဲ့အချိန်” ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

စပယ်လက်တီက”စိုးရိမ်ပူပန်မှုတွေက အမြဲတမ်းရှိနေမှာပါ၊ ဘာလို့လဲဆိုတော့ ဒီလိုခြေစွမ်းမျိုးပြီးနောက်မှာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းတွေမေးရပြီး ပြဿနာတွေရှိနေတယ်ဆိုတာကို သိလာရတာပေါ့။ ဒါပေမဲ့ တခြားရွေးချယ်စရာမရှိတဲ့အတွက် သူတို့ကို ရင်ဆိုင်ဖြေရှင်းရမှာပါ” လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။

Source : football-italia.net

Leave a Reply

Your email address will not be published. Required fields are marked *