ပိုကီမွန်ကတ်ပြား အများဆုံးစုဆောင်းထားသော ဂင်းနစ်စံချိန်ကို ချိုးဖျက်ခဲ့သည့် ဗြိတိန်ညီအစ်ကိုနှစ်ဦး

ပိုကီမွန်ကတ်ပြား အများဆုံးစုဆောင်းထားသော ဗြိတိန်ညီအစ်ကိုနှစ်ဦး

ဗြိတိန်နိုင်ငံက ညီအစ်ကိုနှစ်ဦးဟာ မတူညီတဲ့ပိုကီမွန်ကတ်ပြား (၄၈၃၃၉) ကတ်အထိ စုဆောင်းခဲ့ပြီးနောက် ကမ္ဘာ့ဂင်းနစ်စံချိန်ချိုးဖျက်နိုင်ခဲ့ပါတယ်။

Pokémon Trading Card ဂိမ်းရဲ့ အကြီးစား ပရိသတ်တွေဖြစ်ကြတဲ့ အိုဝင် နဲ့ ကော်နာဂရေးတို့က ပိုကီမွန်ကတ်ပြား(၄၈၃၃၉)ကတ်အထိ စုဆောင်းခဲ့ပြီးနောက်မှာ ယခင်စံချိန်ကို ကိုင်ဆောင်ထားတဲ့ ဘန်ဂျမင်ဒီဂူးယားကို ကျော်တက်သွားပြီး အခုလိုဂင်းနစ်စံချိန် ချိုးဖျက်နိုင်ခဲ့တာဖြစ်ပါတယ်။

ဘန်ဂျမင်ဒီဂူးယား က (၂၀၂၃)ခုနှစ်မှာ ပိုကီမွန်ကတ်ပြား (၃၄၃၁၀)ကတ်အထိ စုဆောင်းခဲ့ပြီးနောက်မှာ ပိုကီမွန် ကတ်ပြားအများဆုံးစုဆောင်းတဲ့ ဂင်းနစ်စံချိန်ကို ရယူထားသူဖြစ်ပါတယ်။

အိုဝင်က “ဒီဂင်းနစ်စံချိန် ကို ချိုးဖျက်နိုင်ရမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ပိုကီမွန်ကတ်ပြားတွေကို ကျွန်တော်တို့ စတင်စုဆောင်းခဲ့တာပါ” လို့ ပြောပါတယ်။

၎င်းတို့ ညီအစ်ကိုနှစ်ဦးစုဆောင်းထားတဲ့ ပိုကီမွန်ကတ်ပြားတွေဟာ မတူညီတဲ့နိုင်ငံများမှဖြစ်ပြီး မတူညီတဲ့ ဘာသာစကားများစွာနဲ့ ရိုက်နှိပ်ထားပါတယ်။

ကော်နာဂရေးက “ဒတ်ချ်ဘာသာစကားနဲ့ ထုတ်ထားတဲ့ပိုကီမွန်ကတ်တွေက ရှာရခက်တာမို့လို့ စုဆောင်းဖို့က ခက်ခဲပါတယ်။ အကယ်၍ ဒတ်ချ်ဘာသာ စကားနဲ့ထုတ်ထားတဲ့ ပိုကီမွန်ကတ်ပြားတွေရှိရင် ကျွန်တော်တို့ကို အသိပေးစေလိုပါတယ်” လို့ပြောခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ အိုဝင် နဲ့ ကော်နာဂရေးတို့ဟာ လာမဲ့နှစ် အမေရိကန်နိုင်ငံမှာ ကျင်းပဖို့စီစဉ်ထားတဲ့ ပိုကီမွန်ကတ်ပြားစုဆောင်းသူများပြပွဲမှာ ၎င်းတို့ စုဆောင်းထားတဲ့ကတ်များကို ပြသရန်အတွက် သယ်ယူမှုများ လုပ်ဆောင်နေပြီဖြစ်ကြောင်းလည်း သိရပါတယ်။

Source : guinnessworldrecords.com

#ပိုကီမွန်ကတ်ပြား #ဂင်းနစ်စံချိန်

Leave a Reply

Your email address will not be published. Required fields are marked *