အာဆင်နယ် ဘာမှမအောင်မြင်သေးဘူးလို့ မိုက်ကာ ရစ်ချတ်စ် သတိပေးပေမဲ့ ချန်ပီယံလိဂ်မှာတော့ ဗိုလ်စွဲဖို့ အလားအလာအကောင်းဆုံးလို့ဆို

အာဆင်နယ် ဘာမှမအောင်မြင်သေးဘူးလို့ မိုက်ကာ ရစ်ချတ်စ် သတိပေး

မိုက်ကာ ရစ်ချတ်စ်က အာဆင်နယ်ကို “ခင်ဗျားတို့ ဘာမှ မအောင်မြင်သေးဘူး” လို့ သတိပေးလိုက်ပေမဲ့ ဂန်းနားတွေဟာ ချန်ပီယံလိဂ်မှာတော့ ဗိုလ်စွဲဖို့ အလားအလာ အကောင်းဆုံး အသင်းဖြစ်တယ်လို့ ယူဆနေပါတယ်။ အာဆင်နယ်အသင်းဟာ လက်ရှိမှာ ခြေစွမ်းအရမ်းကောင်းနေပေမဲ့ မိုက်ကာ ရစ်ချတ်စ်ကတော့ သူတို့ကို “ဘာမှ မအောင်မြင်သေးဘူး” လို့ သတိပေးလိုက်ပါတယ်။

မီခေးလ် အာတီတာရဲ့ အသင်းဟာ ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးက ဦးဆောင်နေသလို ချန်ပီယံလိဂ် ရှုံးထွက်အဆင့်ပွဲစဉ်တွေအတွက်လည်း ပြင်ဆင်နေပြီး ဆုဖလားတွေကို နယ်ပယ်စုံကနေ စိန်ခေါ်နေတာပါ။ ဒါပေမဲ့ အမ်းမရိတ်ကွင်းမှာ အောင်ပွဲခံဖို့ ပြင်ဆင်မဲ့အစား လက်တွေ့ကျကျ စဉ်းစားဖို့ လိုတယ်လို့ ရစ်ချတ်စ်က ယုံကြည်နေပါတယ်။

အခုရာသီမှာ ဂန်းနားတွေဟာ ပြည်တွင်းရော ဥရောပမှာပါ တကယ်ကို ကြောက်စရာကောင်းတဲ့ အသင်းတစ်သင်း ဖြစ်နေပါတယ်။ ခိုင်မာတဲ့ ခံစစ်နဲ့အတူ စက်ပီစ် (Set-pieces) တွေကနေ ဂိုးတွေ သွင်းယူနိုင်တဲ့ စွမ်းရည်တွေကြောင့် အမ်းမရိတ်က ပရိသတ်တွေကတော့ သူတို့အသင်း ဆုဖလား ၄ လုံး (Quadruple) အထိ ရနိုင်မယ်လို့တောင် မျှော်လင့်နေကြတာပါ။ ဒါပေမဲ့ အဆုံးအဖြတ်ပေးမဲ့ ရာသီပိတ်ခါနီးအချိန်မှာ မန်စီးတီးကြယ်ပွင့်ဟောင်း မိုက်ကာ ရစ်ချတ်စ်ကတော့ ပရိသတ်တွေကို အရှိတရားကို မြင်အောင် သတိပေးစကား ပြောလာပါတယ်။

“The Rest is Football” ပေါ့တ်ကတ်စ်မှာ ပြောကြားခဲ့တာဖြစ်ပြီး ရစ်ချတ်စ်က ချီးကျူးစကားတွေအပြင် ဖိအားတွေအတွက်လည်း သတိပေးခဲ့ပါတယ်။ “ကျွန်တော် ပြောချင်တာကတော့ အဆိုးမြင်တာတော့ မဟုတ်ဘူးပေါ့၊ သူတို့ ဘာမှ မရသေးဘူးဆိုတာပါပဲ။ ရလဒ်ပိုင်းမှာ အပြစ်ပြောစရာ မရှိပေမဲ့ ကစားပုံပိုင်းမှာတော့ စက်ပီစ်တွေနဲ့ ပြိုင်ဘက်ဂိုးသွင်းတာတွေကနေပဲ ဂိုးတွေ အများကြီး ရနေတာပါ။ အာဆင်နယ်က ဘောလုံးအလှမကစားဘူးလို့ ဝေဖန်တာမျိုးကို ကျွန်တော် မကြိုက်ပေမဲ့ ရာသီကုန်မှာ လိဂ်ဖလားရဖို့ကပဲ အဓိကပါ။ ဘယ်လိုနည်းနဲ့ နိုင်နိုင် ဂရုစိုက်နေစရာ မလိုပါဘူး” လို့ သူက ဆိုပါတယ်။

တချို့က အာဆင်နယ်ရဲ့ ကစားဟန်ကို ဝေဖန်နေကြသလို နယူးကာဆယ် နည်းပြဟောင်း အလန် ပါဂျူးကလည်း သူတို့ရဲ့ ကစားဟန်မှာ “လှပတာ ဘာမှမရှိဘူး” လို့ ပြောခဲ့ပါတယ်။ ဒါပေမဲ့ ရစ်ချတ်စ်ကတော့ ဥရောပစင်မြင့်က အာတီတာရဲ့ အသင်းအတွက် ပိုပြီး အဆင်ပြေစေမယ်လို့ ယူဆနေပါတယ်။ ပရီးမီးယားလိဂ်အသင်းတွေလို ခံစစ်ပိတ်ကစားတာ (Low Block) ထက် ဥရောပက အသင်းကြီးတွေရဲ့ နည်းဗျူဟာပိုင်း ဖွင့်ကစားတာက အာဆင်နယ်အတွက် ပိုပြီး အခွင့်အရေးကောင်းတွေ ရစေမယ်လို့ သူက ဆိုပါတယ်။

ဘာကြောင့် သူတို့ကို ချန်ပီယံလိဂ် ဗိုလ်စွဲမယ့်သူတွေအဖြစ် ရွေးချယ်ရသလဲဆိုတာကို ရစ်ချတ်စ်က ရှင်းပြရာမှာ “သူတို့က ပရီးမီးယားလိဂ်မှာ ထိပ်ဆုံးကပါ။ ချန်ပီယံလိဂ် ကစားဟန်က ပြည်တွင်းပွဲတွေထက် သူတို့နဲ့ ပိုကိုက်ညီမယ်လို့ ကျွန်တော် ထင်ပါတယ်။ ချန်ပီယံလိဂ်မှာ ပွဲတွေက ပိုပြီးအဖွင့်အပိတ်ရှိနိုင်ပေမဲ့ ပရီးမီးယားလိဂ်မှာတော့ အသင်းတိုင်းက သူတို့ကို ခံစစ်ပိတ်ပြီးပဲ ရင်ဆိုင်ကြတာပါ” လို့ ပြောကြားခဲ့ပါတယ်။

Source : https://www.goal.com/

Leave a Reply

Your email address will not be published. Required fields are marked *