VAR အငြင်းပွားဖွယ် ဆုံးဖြတ်ချက်နဲ့အတူ အစ်ဆွစ်ချ်ကွင်းမှာ သရေတစ်မှတ်သာ ရယူနိုင်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ်

ဖောရက်စ် နှင့် အစ်ဆွစ်ချ် သရေပွဲ

ဂိုးရဖို့ အခွင့်အရေးတွေ အများကြီးလွဲချော်ခဲ့တဲ့ နော်တင်ဟမ်ဖောရက်စ် အသင်းဟာ ပွဲကိုအသာစီးကစားနိုင်ခဲ့ပေမဲ့ အစ်ဆွစ်ချ်တောင်း အသင်းနဲ့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

ဒီပွဲမှာ ဖောရက်စ် အသင်းဟာ ဂိုးရနိုင်ခြေ (xG) ၂.၃၁ အထိရှိခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုမှာလည်း ၁၇ ကြိမ်၊ ၇ ကြိမ်နဲ့ အပြတ်အသတ် သာလွန်ခဲ့ပေမဲ့ ရရှိလာတဲ့ အခွင့်အရေးကောင်းတွေကို လက်လွတ်စပယ် ဖြုန်းတီးပစ်ခဲ့ကြပါတယ်။ ဒါကြောင့် ပထမပိုင်းမှာ နီကို ဝီလျံစ် သွင်းယူပေးခဲ့တဲ့ ဦးဆောင်ဂိုးတစ်ဂိုးတည်းနဲ့သာ ကျေနပ်ခဲ့ရတာပါ။

အဲ့ဒီနောက် ပထမပိုင်းပြီးခါနီးမှာပဲ နီကိုလာ မီလင်ကိုဗစ် ရဲ့ အမှားကတစ်ဆင့် ဟူလီယို အန်စီဆို က အစ်ဆွစ်ချ် အတွက် ချေပဂိုး ပြန်သွင်းပေးခဲ့ပါတယ်။

ဒါ့အပြင် ဂျိမ်းစ် မက်အာတီး ရဲ့ ဂိုးသွင်းခွင့်အခွင့်အရေးကိုဖျက်ထုတ်ခဲ့တဲ့ အစ်ဆွစ်ချ် နောက်ခံလူ အစ်ဆာ ဒီယော့ပ် အနီကတ် မပြသခံရဘဲ လွတ်မြောက်သွားခဲ့တာအပေါ် ဖောရက်စ် ဘက်က အတော်လေး မကျေမနပ်ဖြစ်ခဲ့ကြပါတယ်။ ကွင်းလယ်ဒိုင် သောမတ်စ် ဘရာမောလ် ဟာ VAR ကွင်းဘေး မော်နီတာကို ကိုယ်တိုင်သွားကြည့်ပြီး စစ်ဆေးခဲ့ပေမဲ့ ဒီယော့ပ် ကို အဝါကတ်ပဲ ပြသခဲ့တာပါ။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး ဖောရက်စ် နည်းပြ အိုလီဗာ ဂလက်စ်နာ က “ပွဲကစားနေတုန်းကတော့ ဒါဟာ ရှင်းရှင်းလင်းလင်းကို အနီကတ်ပြရမဲ့ အနေအထားလို့ ခံစားရပါတယ်။ ဒိုင်ရဲ့ ဆုံးဖြတ်ချက်လုံးဝမှားယွင်းခဲ့တယ်လို့ပဲ ကျွန်တော်မြင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

အစ်ဆွစ်ချ် နောက်ခံလူ လိဖ် ဒေးဗစ် က ဂိုးစည်းပေါ်ကနေ ၂ ကြိမ်တိုင်တိုင် ရှင်းထုတ်ကယ်တင်သွားခဲ့သလို လီယမ် ဒီလက်ပ် နဲ့ ကယ်လမ် ဟတ်ဆန်-အိုဒွိုင်း တို့ကလည်း ဂိုးရှေ့မှာ အခွင့်အရေးတွေကို အလဟဿ ဖြစ်စေခဲ့ကြပါတယ်။

မိခင်ကလပ်ဟောင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ဒီလက်ပ် ဟာ ၇၄ မိနစ်မှာ ဂိုးရဖို့ အခွင့်အရေးကောင်းရခဲ့ပေမဲ့ အဗ္ဗဒူလ် အိုတာရာ ခေါင်းတိုက်ရှင်းထုတ်မှု မှားယွင်းရာကနေ ဘောလုံးရချိန်မှာ ဂိုးဘားပေါ်ကို ခေါင်းတိုက်တင်ပစ်ခဲ့သလို ကိုက် ၃၀ အကွာကနေ ပြင်းပြင်းထန်ထန် ကန်သွင်းချက်ကလည်း ဂိုးပေါက်နဲ့ လွဲချော်သွားခဲ့ပါတယ်။

မိနစ်အနည်းငယ်အကြာမှာတော့ ဖောရက်စ် ဟာ လက်မောင်းဒဏ်ရာ စိုးရိမ်ရတဲ့ ဝီလျံစ် ကို လူစားလဲ ထုတ်ပယ်ခဲ့ရပါတယ်။ ပွဲပြီးခါနီးမှာ ဟတ်ဆန်-အိုဒွိုင်း ရဲ့ ကန်ချက်လွဲချော်ခဲ့သလို လူစားဝင်လာတဲ့ အစ်ဆွစ်ချ် တိုက်စစ်ကစားသမား ဂျက် ကလာ့ခ် ရဲ့ ကန်သွင်းချက်လည်း ဂိုးဘောင်လွဲသွားခဲ့တာကြောင့် တစ်ဖက်တစ်မှတ်စီ ခွဲဝေယူခဲ့ကြရပါတယ်။

ဒီရာသီမှာ ဖောရက်စ် ဟာ ဂိုးရနိုင်ခြေအခွင့်အရေး ၁၃.၄ အထိ ဖန်တီးနိုင်ခဲ့ပေမဲ့ ၆ ဂိုးသာ သွင်းယူနိုင်ခဲ့တာကြောင့် ပရီးမီးယားလိဂ်မှာ မျှော်မှန်းထားသလောက် ဂိုးမသွင်းနိုင်ဆုံး အသင်းဖြစ်နေပါတယ်။ အဲ့ဒါကြောင့်လည်း ကစားခဲ့တဲ့ ၈ ပွဲမှာ ၁ ပွဲသာ အနိုင်ရရှိထားတာပါ။

အစ်ဆွစ်ချ် ကတော့ ဒီရာသီ သူတို့ရဲ့အိမ်ကွင်း ပို့တ်မန်းရုတ်ဒ် မှာ ပြီးခဲ့တဲ့ ၂၀၂၄/၂၅ ဘောလုံးရာသီ တစ်ခုလုံး စုဆောင်းရရှိခဲ့တဲ့ ရမှတ်ပမာဏ (၇ မှတ်) နဲ့ ညီမျှသွားခဲ့ပြီ ဖြစ်ပါတယ်။

Source : https://www.skysports.com/

Leave a Reply

Your email address will not be published. Required fields are marked *